Wednesday, June 30, 2010

Supporter of my Heart

နိဒါန်း။ ။ မမလသာညရဲ့ ဖိတ်ကြားချက်နဲ့ ၀င်ရှုပ်ပြီနော်။ လောလောဆယ် ရေးစရာ မရှိသေးလို့ အရင် မောင်လေးရဲ့ မိသားစုအကြောင်းပဲ ရေးတဲ့ ဘလော့ခ်မှာ ရေးပြီးသားပိုစ့်လေးကို ပြန်ကူးပြီးတင်လိုက်ပါတယ်။ တယ်ရင်းများ မဖတ်ရသေးဘူးလို့ ထင်ပါတယ်။ မီးငယ်လေးရဲ့ အကြောင်းနဲ့ နိဒါန်းပျိုးပြီး နောက်ပိုင်းမှာ ချက်နည်းပြုတ်နည်း နိဿရည်းများကို ကြိုးစားရေးပေးပါမယ် ရှင့်...(မကြာမှီ လာမည် မျှော်).


ကျွန်မရဲ့ မွေးလမှာ ဒီပိုစ်လေးကို မှတ်တမ်းတင်ထားချင်တဲ့အတွက် ရေးလိုက်တာပါ။

လူဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း နေလို့ရတဲ့ သတ္တ၀ါ မဟုတ်ပါဘူး။
တစ်ဦးနဲ့တစ်ဦး ပုံစံအမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးနဲ့ တစ်ဦကိုတစ်ဦး လက်တွဲကူညီပြီး နေကြတာဖြစ်ပါတယ်။ ကျွန်မဘ၀မှာတော့ လူရယ်လို့ ဖြစ်လာခဲ့တဲ့ အချိန်ကစပြီး အခုအချိန်အထိ စားဝတ်နေရေးက အစပြုလို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို အားပေးထောက်ပံ့ ခဲ့တဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ ကျွန်မရဲ့ မွေးသမိခင် မေမေ ပါပဲ။

ကျွန်မဟာ ငယ်ငယ်က အလွန်ချူချာတဲ့ ကလေးငယ်လေးတစ်ယောက်ပေါ့။ အဆုတ်အအေးမိတဲ့ ရောဂါဖြစ်လို့ ၃နှစ် သမီးအရွယ်မှာ ဆေးရုံတက်ခဲ့ရပြီး ကံကောင်းလို့ အသက်ရှင်ခဲ့တာပါ။ ကလေးဘ၀ရွယ်မှာလဲ သူများကလေးတွေလို ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားမကစားတတ်ခဲ့ဘူး။ လမ်းလျှောက်ရင်တောင် အလကားနေရင်း မှောက်ရက်လဲလို့ ဒူပြဲတာလဲ မရေမတွက်နိုင်အောင်ပဲ။ အိမ်ပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေကိုပဲ ကစားခဲ့တယ်တဲ့။ ဒီတော့ အားကစားဆိုတာ ဝေလာဝေးပေါ့။ ဒီတော့ မျောက်ရှုံးအောင် ဆော့တဲ့ ကျွန်မရဲ့ မောင်လေးတွေနဲ့ ကျွန်မဟာ အဖွဲ့ မကျခဲ့ဘူး။ ကျွန်မရဲ့ မောင်လေးအလတ်ကောင် ကတော့ တစ်ခါတစ်လေ ကျွန်မနဲ့ အဖော်လုပ်ပြီး ကစားခဲ့ပါတယ်။
ဒါပေမဲ့ ကြွားစရာ မရှိရှာကြံ ကြွားရအုံးမယ်။ ကျွန်မဟာ သိပ်သန့်ရှင်းပြီး ပေါင်ဒါနံ့ လေးအမြဲသင်းနေတဲ့ ကလေးလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ကျွန်မမှတ်မိသလောက်တော့ စာမေးပွဲနီးပြီဆိုရင် နေမကောင်းဖြစ်တာပါပဲ။ ကြောက်ဖျားလားတော့ မသိဘူးနော်။ ကျွန်မ အသက် (၁၆)နှစ်လောက်အထိ ကျန်းမာရေးမကောင်းခဲ့ပါဘူး။ စာမေးပွဲကလဲနီး၊ နေမကောင်းကလဲ ဖြစ်ပြီဆိုရင် မေမေက ကျွန်မနားလည်လွယ်အောင်၊ စာတွေကို မှတ်မိလွယ်အောင် ပုံလေးတွေဆွဲ၊ မှတ်စုတိုလေးတွေ ထုတ်ပြီး စာတွေရှင်းပြပါတယ်။ အိပ်ရာဘေးနားကထိုင်ပြီး တော့လဲ စာတွေကိုဖတ်ပြတယ်။ (နောက်ပြီးတော့ အဲဒီတုံးက အတူနေခဲ့တဲ့ ကျွန်မရဲ့ အဒေါ်ကြီး (မေမေရဲ့အစ်မ) ကလဲ ကျောင်းဆရာမဖြစ်တဲ့အတွက် ကျွန်မတို့ကို အင်္ဂလိပ်စာကို အဓိကထားပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ) အဲဒီတော့ ကျွန်မဟာ နေမကောင်းပေမဲ့ စာမေးပွဲတိုင်းကို အခက်အခဲမရှိ ဖြေနိုင်ခဲ့တာချည်းပါပဲ။

ကျွန်မရဲ့ ဖေဖေနဲ့ မေမေဟာ ဆရာဝန်တွေဖြစ်တာကြောင့် ခဏခဏ နေမကောင်း (များသောအားဖြင့် အဆုတ်အအေးမိပြီး ဖျားတာပါ) ဖြစ်ခဲ့တဲ့ ကျွန်မဟာ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ပူစရာမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ပညာရေးဌာနမှာ အလုပ်ဝင်ခဲ့ပြန်တော့လည်း ဇာတိမြေမှာပဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ နောက်ပိုင်းမှာ ပညာသင်ဆု ရွေးချယ်ခံရပြီး နိုင်ငံရပ်ခြား ကိုသွားဖို့ အကြောင်းဖန်လာတော့မှ အိမ်နဲ့ ပထမဆုံးအကြိမ် ခွဲခဲ့ရပါတယ်။ ကျွန်မရွေးချယ်ခံခဲ့ရတဲ့ program အရ မလေးရှားမှာ ဂျပန်စာသင်ဖို့ (၁၃)လ သွားခဲ့ရတယ်။ အဲဒီအချိန်တုံးက ပထမဆုံးအကြိမ် မိသားစုနဲ့ လဲခွဲရ၊ နိုင်ငံရပ်ခြား သွားရတာလဲ ပထမဆုံး အကြိမ်မိုလို့ ကျွန်မရဲ့ စိတ်ထဲမှာ စိုးရိမ်ကြောက်လန့်မှု တွေဟာ ကြီးစိုးနေခဲ့တယ်။ အဓိကစိုးရိမ်မိတာကတော့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရပါ့ ဆိုတဲ့ စိုးရိမ်မှုပဲ။

မလေးရှားကို ရောက်ပြီးတဲ့ နောက်ပိုင်းမှာ မေမေဟာ ကျွန်မဆီကို စာတွေမှန်မှန်ပို့ခဲပါတယ်။ မေမေရဲ့စာလေးတွေဟာ ကျွန်မအတွက် အားဆေးတစ်ခွက်ပါပဲ။ မေမေဟာ သူ့အလုပ်ခွင်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ၊ သွားခဲ့ရတဲ့ ခရီးတွေ၊ မိသားစု အကြောင်း၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ သူ့ရဲ့ခံစားချက်တွေ စသဖြင့် စီကာပတ်ကုံး ရေးပြီး သူ့ရဲ့ ဓာတ်ပုံလေးတွေကိုပါ တွဲပြီး ပေးပို့ခဲ့ပါတယ်။ မေမေရဲ့ စာလေးများ အကြောင်းကို ရှေ့ပိုင်းမှာ ရေးခဲ့ပါသေးတယ်။ မေမေရဲ့ စာရောက်လာပြီဆိုရင် ကျွန်မရဲ့ သူငယ်ချင်းတွေက သူတို့ နားမလည်ပေမဲ့ ၀ိုင်းပြီးကြည့်ကြတယ်။ ကျွန်မကလဲ ဂုဏ်ယူစွာ ပြတတ်တယ်။ ဒါကြောင့် မေမေ့ရဲ့ ဓာတ်ပုံလေးတွေဟာ သူတို့နဲ့ ရင်းနှီးနေခဲ့တယ်။ မိခင်ဆီက စာတွေမှန်မှန် ရတဲ့ ကျွန်မကိုလဲ အံ့သြပြီး အားကျတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်လို့ကျွန်မထင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဆီကိုမှ သူတို့ရဲ့ အမေတွေက စာမရေးဖူးဘူးတဲ့။

တစ်ပတ်တစ်ခါ (တစ်ခါတစ်လေ ၂ ခါ) မေမေနဲ့ ဖုန်းပြောဖြစ်တယ်ဆိုပေမဲ့ စာလက်ခံရတဲ့ အချိန်နဲ့ မတူဘူးလေ။ နောက်ပြီး အိမ်ကိုလွမ်းတဲ့ အခါ စာလေးတွေကို ပြန်ဖတ်၊ ဓာတ်ပုံလေးတွေကြည့်ပြီး အလွမ်းဖြေလို့ ရတာပေါ့။ မေမေ့ရဲ့ စာလေးတွေကိုဖတ်ရတာဟာ မေမေက ဘေးမှာထိုင်ပြီး စကားပြောနေသလို ခံစားမိပါတယ်။ မေမေနဲ့ ကျွန်မဟာ သားအမိဆိုပေမဲ့ ကျွန်မဟာ မေမေ့အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း မေမေဟာ ဘာမဆို ဖွင့်ဟပြောဆိုပြီး တိုင်ပင်လို့ ရတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။ (တစ်ဦးတည်းသောသမီးတွေဟာ များသောအားဖြင့် ဒီလိုပဲ ဖြစ်မယ်လို့ထင်ပါတယ်။)

ဒီဇင်ဘာ ကျောင်းပိတ်ရက်ရောက်တော့ ကျွန်မရဲ့ သူငယ်ချင်း အများစုက သူတို့နိုင်ငံတွေကိုအလည် ပြန်ကြ ၊ မပြန်တဲ့ သူငယ်ချင်းတွေကလဲ မလေးရှားနဲ့ နီးတဲ့ စင်ကာပူဘက်ကို အလည်သွားကြ၊ တစ်ချို့ကလည်း တစ်ခြားနိုင်ငံက သူငယ်ချင်းဆီကိုသွားလည်ကြနဲ့ ဘယ်မှ မသွားနိုင်တာဆိုလို့ ကျွန်မတစ်ယောက်တည်းပါ။ ဒီဇင်ဘာလဟာ ကျွန်မရဲ့ မွေးလဖြစ်တဲ့အတွက် မွေးနေ့ နီးလာတော့ အထီးကျန်မှု ကိုထူးထူးခြားခြား ခံစားခဲ့ရပါတယ်။ အဲဒီတုံးက အထီးကျန်လှတဲ့ ခံစားမှုဟာ ကျွန်မဘ၀မှာ အဆိုးဆုံးပဲ။

မွေးနေ့ဆိုလို့ ပြောရအုံးမယ်။ ကျွန်မတို့ မိသားစုမှာ မွေးနေ့ရောက်ရင် တစ်ဦးကိုတစ်ဦး မွေးနေ့လက်ဆောင်ပေးတဲ့ ဓလေ့ ရှိပါတယ်။ အဲဒီ ဓလေ့ဟာ ကျွန်မရဲ့ အဒေါ်ကြီးက စတင်လုပ်ခဲ့တယ် လို့ထင်တာပဲ။ ဒေါ်ကြီးက မွေးနေ့လက်ဆောင်ကိုလဲ ဂရုတစိုက်ဝယ်ပေးလေ့ ရှိပြီး၊ စိတ်ဝင်စားစရာဖြစ်အောင်လဲ ဖန်တီးတတ်သေးတယ်။ ကိုယ့်မွေးနေ့ရောက်ရင် ကျန်တဲ့ မောင်နှမတွေကလဲ မုန့်ဖိုးလေးတွေစုပြီး အမှတ်တရ မွေးနေ့ လက်ဆောင်လေးတွေ ၀ယ်ပေးကြတယ်။ မွေးနေ့ရောက်တဲ့ မနက်ခင်းမှာ အိပ်ရာကနိုးနိုးခြင်း အိပ်ရာခေါင်းရင်းမှာ မွေးနေ့လက်ဆောင်လေးတွေ တွေ့ရတတ်တာကို သတိရမိပါတယ်။ အဲဒီ မွေးနေ့လက်ဆောင်လေးတွေထဲမှာ မိသားစုရဲ့ ချစ်ခြင်းမေတ္တာဓာတ်တွေပါ စီးဝင်မြောပါနေတယ်လေ။ တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ရောက်ရင်မေမေက အိမ်မှာ အထူးစပရှယ်စားစရာ တစ်မျိုးမျိုး ချက်ပြုတ်ပြီး အတူစားသောက်ကြတာလဲ အခုအချိန်ထိပါပဲ။ (အခုတော့ မိသားစုဝင်တွေ မစုံတော့ဘူးပေါ့)

အဲဒီလိုမျိုး ကိုယ့်မွေနေ့ရောက်ရင် မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ ကျွန်မဟာ မွေးနေ့ရောက်တော့ တော်တော်လေး အထီးကျန်မှုကို ခံစားခဲ့ရတာ မဆန်းလောက်ပါဘူးနော်။ ဖြစ်ချင်ပြန်တော့ အဲဒီအချိန်တုံးက အနားမှာ သူငယ်ချင်းတွေကလဲ တစ်ယောက်မှ မရှိဖြစ်နေခဲ့တာဆိုတော့ပိုဆိုးတာပေါ့။
ထူးခြားတာကတော့ ကျွန်မတစ်ယောက်တည်း ကျွန်မရဲ့မွေးနေ့မှာ ရှိပါလားလို့ ခံစားနေရတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေမေပို့လိုက်တဲ့ မွေးနေ့ ကဒ်လေးဟာ ရောက်ရှိလာပါတော့တယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုဟာ အထီးကျန်နေတဲ့ ခံစားမှုတွေကို ဖယ်ပစ်လိုက်ပါတယ်။ ကျွန်မရဲ့ မွေးနေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မေမေပို့လိုက်တဲ့ ကဒ်လေးပေါ်မှာရေးထားတဲ့ “မီးငယ်လေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုတဲ့ မေမေရဲ့ ဆုတောင်းပြည့်သွားတာပေါ့။ ဒါပေမဲ့ မိသားစုကိုလွမ်းဆွတ်မှုဟာ မပြောပြတတ်အောင်ပါပဲ။

မေမေဟာ အခုအချိန်အထိ ကျွန်မဆီကို စာတွေမှန်မှန်ရေးပို့တုံးပါပဲ။
ကျွန်မလဲ မေမေလိုမျိုး လူတစ်ယောက်ယောက် ကို အမြဲပျော်ရွှင်မှုရအောင် ၊ စိတ်အားတက်ြကွမှု ရအောင် support လုပ်ပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်ရှင်။

မှတ်ချက်။ ။ ဂျပန်စာကျောင်း သင်တန်းဆင်းပွဲ speech မှာ ကျွန်မဟာ အထက်ပါ အကြောင်းအရာကို ပြောခဲ့ပါတယ်။ ခေါင်းစဉ်ကတော့ ဂျပန်လို 私の心の支え ၊ အင်္ဂလိပ်လိုဆိုရင်တော့ Supporter of my Heart ဖြစ်ပါတယ်။အပေါ်ကပုံကတော့ အဲဒီတုံးက သုံးခဲ့တဲ့ ပိုစတာလေးပဲဖြစ်ပါတယ်။
အဲဒီ speech လေးကို သင့်လျော်သလို ဖြည့်စွက်ပြီး မြန်မာလို ပြန်ရေးလိုက်တာဖြစ်ပါတယ်။

မီးငယ်လေးခံစားရေးဖွဲ့သည်။ :D

Monday, June 28, 2010

ဇီးသီး လ္ဘက်သုပ်

မအားဘူး ပြောပြီး ဗက်ဆာချည်း ဆက်တိုက် စွတ်တင်နေလို့ ဦးဆိုးစုဂိလို့ မပြောနဲ့ဦးလို့။ အယ်ဒီတာ ချုပ်ကို တင်မယ် ပြောထားတဲ့ ပို့စ်ကို အချိန်လွန်မှ တင်ရင် မေတ္တာ အပို့ခံ နေရမစိုးလို့။

ဇီးသီးစိမ်း တုံးမှ ဇီးသီးစိမ်း လ္ဘက်သုပ်ကို တင်ရင် မင်းနစံက မေတ္တာပို့မှာပဲလေ။ နော့။

တရုတ်ဇီးသီးစိမ်းများ။

တရုတ် ဇီးသီးစိမ်း(Plum,プラム) ကို ဇီးသီးမှည့်နဲ့ မှား ၀ယ်မိတော့ ဇီးသီးချဉ်တွေ စားရရော။ စားတာပေါ့။ ဘာဖြစ်လဲနော့။

တစ်နေ့လည် ဘာချက်စားရမလဲ ရေခဲသေတ္တာကို မွှေတော့ လ္ဘက်ကို တွေ့ရော။

အို။ ခရမ်းချဉ်သီးရှိ၏။ ငရုတ်သီးစိမ်းရှိ၏။ မြေပဲစိမ်းရှိ၏။ ပုဇွန်ခြောက်ရှိ၏။ ဒါဆို လူကြီးသုပ်ဖြစ်ပြီပေါ့နော့။ ထမင်းဖြူလေးနဲ့ ၀ါးမယ်။ တွေး၏။

လ္ဘက် လက်မလောက်ကို ရေနွေးနဲ့ ဆေး ရင်းတွေးတော့ သံပုရာသီးလဲ မရှိပါကလား ကွယ်ရို့။ ချဉ်တာ ဘာရှိတုန်း တွေးတော့ ဇီးသီး၊ မကျီးသီး၊ ချဉ်ပေါင်ရွက်နဲ့ ရှာလကာရှည်ပဲ ရှိပါကလား။ အော်။ အညာကလူတွေ ဇယန်းလ္ဘက်ဆိုတာ လုပ်စားကြမင့် ဗက်ဆာခင်က ဇီးသီးလ္ဘက်ကို သုပ်စားတော့ နံမယ် မပျက်လောက်ပါဘူး ကြံစည်၏။

ဇီးသီးကို စဉ်းကာ လ္ဘက်၊ အချိုမှုန့်၊ငံပြာရည်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတစ်လုံးနဲ့နှပ်ကာ မြည်းကြည့်တော့ စားကောင်းတာ တွေ့ရသည်နှင့် အမုန်းမရှိတဲ့သူများကို သတိရမိ၏။

အဲသလိုပဲ စိတ်ဒုက္ခပေးလိုက်တော့မယ်။ ရပ်ရွာကို။

ပြင်ဆင်ပြီးသကာလမှာ ပို့ စ်တင်ရအောင် ဓါတ်ပုံရိုက်၏။ ဇီးသီးကို ပြန်စဉ်း .. ငါးဟင်းထဲထည့်မယ့်ဟာကို ဓါတ်ပုံရိုက် ပြရ၏။ ဇီးသီးကိုလည်း ဓါတ်ပုံရိုက်ရပါသေး၏။

စဉ်းထားသော ဇီးသီး

ငါးဟင်းနဲ့ ဇီးသီးနဲ့ ချဉ်ဟင်းလေး ချက်တာကိုလဲ ရိုက်ပြချင် တာနဲ့ ရိုက်လိုက်ပါသေး၏။

ပို့စ်ဖြစ်သွားပါပြီ။ အထက်မှာတော့ ဇီးသီးစိမ်း မတုန်းသေး ဟု ထင်မိပါသည်။ ဖူကူအိုကာတော့ တုံးပြီ ထင်ရ၏။

ခွင့် သုံးရက် တင်ပါသည်။

မုဒိတာ ပွါးနိုင်ကြပါစေရန် ဂုဏ်ယူ ၀မ်းသာစရာသတင်း။

ဆတိုးကြီး ၏ ဇနီးဖြစ်သူ မမျိုးကြီးမှ ပါရဂူ သင်တန်း တက်ရောက်နိုင်ပါရန် Research Student အဖြစ် ဆတိုးကြီးနှင့် တစ်ကျောင်းတည်းတွင် ကျောင်းလက်ခံ ခံရပါကြောင်း။ MBA နှင့် ဆက်ပြီး ပါရဂူ တက်မည်ဖြစ်ပါကြောင်း။ ယနေ့ မမျိုးနှင့် ဖုံးသတင်း အဆက်အသွယ်အရ မင်းနစံ ၀မ်းသာ ဂုဏ်ယူနိုင်ပါစေရန် မုဒိတာ ပွါးဖွယ် သတင်းကို ဗက်ဆာခင်မှ ဂုဏ်ယူစွာ ဖြန့်ဝေပါသည်ရှင့်။ :D :D :D

Sunday, June 27, 2010

ပျက်သောအိတ်နှင့် Sichuan Pepper

အဟောင်းတွေ ပြန်ဖတ်မိတော့ pps မန့်ထားတာ တွေ့ရော။

ရပစ်ဖြုတ်နည်း မသိပါတဲ့။ PPS အိတ်လဲ ပျက်နေပါသတဲ့။
Sichuan Pepper မသိပါတဲ့။ အယ်ဒီတာ ချုပ်ကလဲ ပြောဖူးတယ်။ အဲဒီ ပက်ပါကို။

ကဲ။ မမ တို့ အမုန်းမရှိတဲ့ ကမ္ဘာကနေ ဖြေဆိုပေးတွားပါမယ်တွယ်။

၁။ PPS အိတ်လဲ ပျက်နေပါသတဲ့။
.... ဗက်ဆာတော့ ၀ယ်တဲ့ ဆိုင် ဒိုင်အဲ ကိုသွားပြီး မေးတော့
အိတ်ယူလာပါတဲ့။ ပြန်ပြင်ပေးပါမယ်တဲ့။ (လက်ခတော့ အရင်မေးရမယ်။) ဘောက်ချာ
မရှိလဲ ရပါသတဲ့။ ...

၂။ Sichuan Pepper 四川 花椒

တရုတ်အမည်။ ၀ှားကျောင်း။ 花椒 Hua Jiao
ဂျပန်အမည်။ စန်းရှော။ 山椒 San Shou


ဂျပန်ပြည်၏ စန်းရှော


တလုပ်ပြည်၏ ၀ှားကျောင်း။

စန်းရှောနှင့် ၀ှားကျောင်းမှာ စိုခြင်းနှင့် ခြောက်ခြင်း ကွာပါသည်။

ခု ရာသီက ဂျပန်မှာ စန်းရှောစေ့ အစိမ်း လေးတွေကို ဗူးလေး တွေနဲ့ ထည့်ပြီး စူပါတွေ မှာ ရောင်းနေချိန်ပေါ့။ ယန်း ၁၅၀ လောက် ပုံမှန်ပါ။
နယ်ဆိုင်လေးတွေဆို ၁၀၀ လောက်နဲ့ ရတတ်ပါသေး။

အရသာက ပရုတ်စေ့လေးတွေလိုပါပဲ။... ပရုတ်ဆိုတာ ဆေးထဲ ထည့်တဲ့ ပရုတ် အရသာမျိုးပါ။ ပူထုံသွားစေပါတယ်။ သံပုရာ နံ့လေး သင်းပါသည်။
Sichuan Pepper ဆိုပြီး ၀ီကီကို ကြည့်နိုင်ပါတယ်။ အကျယ်သိချင်ပါက မိဆိုးလေးကို ပူဆာနိုင်ပါတယ်။ သူမတော့ ဆေးဖက် ၀င်မှုတွေ ဘာတွေ ကို အသေးစိတ် ပြောနိုင်လိ့မ်မယ် ထင်တယ်။ တန်ဆေး လွန်ဘေးလို့တော့ ထင်ပါတယ်။ Toxic ဆိုတဲ့ စကားလုံးလေး တွေ့မိတာရယ်။ Dosage က ၆ ဂရမ် ဆိုတာကို တွေမိလို့ပါ။ ပျို့ခြင်း၊ အန်ခြင်း။ ... ဘာညာတွေလဲ တွေ့ခဲ့ပါသေး။ တရုတ်ဆေးကျမ်း အလိုအရဆိုရင်။... (အင်္ဂလိပ်လို ရေးထားလို့ပါနော့။)

စိတ်ကြီးတဲ့ ဗက်ဆာက အများကြီး ၀ယ်ပြီး နဲနဲ လှော်ကာ ရေခဲသေတ္တာမှာ Froze ထားလိုက်ပါတယ်။ ငရုတ်သီးစိမ်းများနှင့် အတူပေါ့။

ဝှားကျောင်းက တရုတ်ဆိုင်တွေမှာ အခြောက်ရတတ်ပါတယ်။ အဲဒါလဲ အပူအစပ် အမွှေးအကြိုင် အလွန် ကြိုက်တဲ့
ဗက်ဆာခင်က ၀ယ်ထားပါတယ်။

သုံးစွဲပုံ။
၁။ ဂျပန်ချက်နည်းတစ်နည်း။ ငါးဟင်းထဲ ထည့်ပါသတဲ့။ အနံ့အတွက်တဲ့။ သူတို့က မစားပါတဲ့။ ဗက်ဆာက စပ်ဖို့ဆိုတော့ စားပါသည်။

၂။ တရုတ်သုံးနည်း။
စီချွမ်းဟင်းထဲမတော့ ငရုတ်သီးနဲ့ အတူ အကုန်ပါတာပဲ။ ... တစ်ပါတ်လောက်တော့ ကသိကအောက် ဖြစ်ရတယ်။ နောက်တော့ ကြိုက်သွားရော။.. ကြိုက်သွားတော့
ရေခဲသေတ္တာလဲ ကျပ်ရောပဲ။
၁။ ခေါက်ဆွဲ အစပ်ပြုတ်ထဲ ထည့်ပါသည်။ (စားလို့ မတတ်သေးပါ။)
၂။ ထမင်းကြော်ထဲ ထည့်ပါသည်။ (အသားနဲ့ အတူ ညိုတဲ့ အထိ ကြော်လိုက်ရင်... ရှလွတ်။..)
၃။ အသားကို ပါးပါးလှီး။ မီးပြင်းလေးနဲ့ ကြော်။ အသားကျက်ခါစမှာ အဲဒီ အစိမ်းလုံးတွေ ထည့်။ အသား လေး အပေါ်ယံ ညိုတဲ့ အထိ ဆီနဲနဲနဲ့ မီးပြင်းတိုက်ပါသည်။
ဆီ နည်းပါရှင့်။ အဲဒါကို ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါသည်။. .. ထမင်းကြော်ထဲ ဖြူးစား။ ဂွတ်ရှယ်။

... စားခါစ ခံစားရ နဲနဲ ခက်ပါသည်။ Enjoy ဖြစ်သွားပါက တော်တော် ပျော်စရာကောင်းပါသည်။ ....

စားလို့ တတ်သွားရင် အော်တို ကိုယ့်ဟင်းတွေထဲ လျှောက်ထည့် မိနေမှာ ဆိုတော့ကာ ... ပြောမနေတော့ပါဘူး။....

သီချင်းလေးတွေနဲ့အတူ....၆


၇။
အဖေကိစ္စနဲ့ပတ်သက်ပြီးစိတ်မကျေမနပ်ဖြစ်နေတဲ့ဆိုဖီယာလေး...နောက်ဆုံးတော့
ဒီအရွယ်ထိ...တယောက်တည်းပြုစုစောင့်ရှောက်လာတဲ့မိခင်အပေါ်...
နားလည်မှုရသွားတဲ့အခန်းလေးပါ။

လက်ထပ်တော့မယ့်သမီးလေးဆိုဖီယာကိုကြည့်ပြီး.....မိခင်ဒိုနာရဲ့ရင်တွင်းခံစားချက်.....
Slipping Through My Fingers တဲ့....:'(



DONNA:
Schoolbag in hand
She leaves home in the early morning
Waving goodbye
With an absent-minded smile
I watch her go
With a surge of that well-known sadness
And I have to sit down for a while
The feeling that I'm loosing her forever
And without really entering her world
I'm glad whenever I can share her laughter
That funny little girl

Slipping through my fingers all the time
I try to capture every minute
The feeling in it
Slipping through my fingers all the time
Do I really see what's in her mind
Each time I think I'm close to knowing
She keeps on growing
Slipping through my fingers all the time

Sleep in our eyes
Her and me at the breakfast table
Barely awake
I let precious time go by
Then when she's gone
There's that odd melancholy feeling
And a sense of guilt
I can't deny
What happened to the wonderful adventures
The places I had planned for us to go
Well some of that we did
But most we didn't
And why I just don't know

Slipping through my fingers all the time
I try to capture every minute
The feeling in it
Slipping through my fingers all the time
Do I really see what's in her mind
Each time I think I'm close to knowing
She keeps on growing
Slipping through my fingers all the time

DONNA & SOPHIE:
Sometimes I wish that I could freeze the picture
And save it from the funny tricks of time
Slipping through my fingers -

DONNA:
Schoolbag in hand
She leaves home in the early morning
Waving goodbye with an absent-minded smile


(ဇာတ်ကွက်ကလေးအတိုင်းembedding enableပေးလို့...စာသားလေးကိုသပ်သပ်ကူးတင်လိုက်ပါတယ်..)

Ref: Wikipedia, Internet Movies Database, You tube




Saturday, June 26, 2010

နှစ်ပါတ်စာ ပန်း

ပြန်ကြည့်တော့ ပြီးခဲ့တဲ့ အပါတ်က ထိုးခဲ့တဲ့ ထဲမှာ အရွက်သီးသန့် ထိုးခြင်း ဆိုတာနဲ့ ထောင့်ပေါင်းစုံမှ ကြည့်ရှုရန် ထိုးနည်း ၂အိုးပုံက လူပြလို့ မရဘူး။ မလှဘူးရယ်။ အတွေ့အကြုံပေါ့လေ။ နောက်ဆို သတိထားရမယ်။

သင်တန်းမှာ ထိုးပြီး အဆောင်ပြန်ပြီး ပါလာမှာ ထိုးတာတွေပါ ပါတော့ ကာ... အနည်းငယ် သီးခံပြီး အကြွားခံပေးကြပါရန်။
(ဒီလိုပေါ့လေ.... သည်းခံပြီး ကြည့်ရတော့တာပေါ့။... အဟမ်းဟမ်း။ လတာည အရင်ကြိုပြောထားမည်။)


ပန်းအရောင်နှင့် ပန်းအိုးရောင် ကိုက်ပြီး ထိုးခြင်း။ (ပန်းက နီနေသောကြောင့် ပန်းအိုးအနီကို ရွေးရပါသည်။ ဗက်ဆာက အနီကို တကယ်တော့ ကြည့်တောင် မကြည့်ချင်ပါ။)

အောက်ဘက်မှ ပင့်ကြည့်နိုင်ရန် ချိတ်ဆွဲရသော ပန်းများအတွက် ထိုးခြင်း။ (ချိတ်စရာမရှိလို့ စင်ပေါ်ပဲ တင်လိုက်ရပါတယ်။)

ပန်းအိုးပုံစံပေါ်မူတည်ပြီး ထိုးခြင်း။

အဆောင်ကပန်းမို့ ထိုးချင်သလို ထိုးခြင်း။ ၁။

အဆောင်ကပန်းမို့ ထိုးခြင်သလို ထိုးခြင်း။ ၂။

ပန်းအိုးရှည်နှစ်လုံး ယှဉ်တွဲထိုးခြင်း။

ပန်းသီးသန့် ထိုးခြင်း။

ပန်းနဲ့ ဘာမှတော့ ဆိုင်ပါဘူး။ မွန်ဂိုလီးယန်းသူငယ်ချင်းမ ကလေးလေး ။ ချစ်လို့။ ငါးလတဲ့။.... နော့။ ချစ်စရာ။ သို့သော် ကလေးက ဈေးကြီးသည်။ မွန်ဂိုလီးယန်း သူငယ်ချင်းမတော့ အိမ်ထဲ စုန်းစုန်းမြုပ်သွားတော့တာပဲ။ .... ကလေးကို ငါးလမှာ သူမ သချာင်္သင်ပေးနေပြီ။ သူငယ်ချင်းမ ၀ါသနာက သချာင်္ ဖြစ်သည်။ အလကားနေရင်း သချာင်္ သင်တန်းတွေ လိုက်တက်နေလေသည်။ ကလေး သချာင်္ သင်နည်းကို ဗက်ဆာ့ကို ပြပါလို့ ပူဆာ လို့ သူငယ်ချင်းမက ပြသည်။ How smart your baby is ? (ထင်ရတာပဲ) ဆိုတဲ့ စာအုပ်ကို ဂျပန်လို ပြန်ထားတာကို ကြည့်ပြီး သူငယ်ချင်းမ က အလုပ်တွေ ရှုပ်နေလေသည်။ တစ်နေ့ ငါးကြိမ် သချာင်္ သင်သည်တဲ့။ ဗက်ဆာ့ကို ပါ သင်ခိုင်းရ ကောင်းမည်ထင်သည်။ သချာင်္ အလွန်ညံ့သော ဗက်ဆာမ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

မင်းမေမေသိရဲ့လား...

Mamma Miaထဲက..သီချင်းလေးတပုဒ်ပါ..မြူးမြူးလေးမို့မျှလိုက်ပါတယ်....;p

ဒိုနာရဲ့သူငယ်ချင်းမတယောက်က..လာလာပြီးရစ်နေတဲ့..ကောင်ကလေးကိုပြန်ပြောလိုက်တာက...

Does Your Mother know that You`re out တဲ့...;p

Tuesday, June 22, 2010

ဗဟုသုတ ဒိုင်ယာရီ-၁


ကလေးငယ်တစ်ဦး အမိဝမ်းတွင်းမှ ကျွတ်လျှင်ကျွတ်ခြင်း ငိုရခြင်း

သန္ဓေသားဘ၀က မိခင်၏ အချင်းမှတဆင့် အောက်ဆီဂျင်ကို ရယူခဲ့ပေမယ့် မွေးဖွားလာပြီးနောက် ကိုယ့်အားကိုယ်ကိုး၍ အသက်ရှုဖို့ လိုအပ်လာတယ်။ ထို့ကြောင့် ငိုခြင်းဖြင့် အသက်ရှူလိုက်ခြင်းဖြစ်တယ်။ မငိုပဲ လူကြီးများလို အသက်ရှူလိုမရပါ။ သန္ဓေသား၏ အဆုတ်လေအိတ်များမှာ မွေးစတွင် လုံးဝပိတ်လျက်ရှိနေခဲ့သောကြောင့် ငိုကြွေးခြင်းဖြင့် လေကို အရှိန်ပြင်းစွာနှင့် ပမာဏများစွာ ၀င်စေနိုင်ပါတယ်။ ထိုသို့ဖြင့် အဆုတ်၏ လေအိပ်တွေပွင့်ကာ လေကိုရှူနိုင်သွားပါတယ်။ ထိုနောက်ပိုင်းမှာ တော့ ကလေးငယ်သည် သာမန်အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို လိုသလောက်ရယူနိုင်မှာ ဖြစ်ပါတယ်..။ မွေးစကလေး ငိုခြင်းသည် ကျန်းမာကြောင်း အထောက်အထားတစ်ခုသာ ဖြစ်ပါတယ်။

ဗိုက်ဆာခြင်းသည် ဦးနှောက်နှင့်ဆိုင်သည်

ထမင်းဆာခြင်း၏ အမှန်စင်စစ်မှာ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဟိုက်ပိုသားလမတ် နှင့် သက်ဆိုင်ပေတယ်။ ဟိုက်ပိုသားလမတ်တွင် အစာစားစေသော သို့မဟုတ် စားရန်ဆန္ဒကို ဖြစ်စေတဲ့နေရာ feeding centre နဲ့ အစာမစားချင်တဲ့ သို့မဟုတ် အစာကိုဝအီတဲ့ စိတ်ဖြစ်စေတဲ့satiety centre ဆိုပြီး ရှိပါတယ်။ သွေးမှာ သကြားဓါတ်ပမာဏ များနေတဲ့အခါ satiety centre ကြောင့် ဗိုက်မဆာတတ်ပါ။ အလားတူ သွေးမှာ သကြားဓါတ်ပမာဏ နည်းသွားတဲ့အခါ feeding centerကြောင့် ထမင်းဆာ လာပါလိမ့်မယ်။

ဦးနှောက်၏ အရေးကြီးဆုံး အပိုင်း

မက်ဒေါလာ သည် ဦးနှောက်၏ အရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ ဦးနှောက်၏ အောက်ဆုံးအပိုင်း ကျောရိုး အာရုံကြောမရဲ့ အပေါ်မှာ ကပ်လျှက် တည်ရှိတဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပါတယ်။ မက်ဒေါလာက ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်ခြင်း၊ သွေးဖိအားထိန်းညှိခြင်း၊ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း စတဲ့ လုပ်ငန်းတွေကို ထိန်းချူပ်ပေးသူပါ။ ကျန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ထိခိုက်ပေမယ့် အသက်ရှင်နိုင်သေးသော်လည်း မက်ဒေါလာ ပျက်ယွင်းသွားရင်တော့ လူတစ်ယောက်ချက်ချင်းသေသွားနိုင်တယ်။

ညင်သာစွာ ပွတ်သပ်ပေးပါက နာကျင်တာတွေ ပျောက်တတ်တာ ဘာကြောင့်လဲ..

တခါတလေ နဖူးနဲ့ တစ်ခုခုနဲ့ တိုက်မိတဲ့အခါ လက်ကအလိုလို နဖူးကို ပွတ်မိရဲ့သားဖြစ်သွားတယ်။ အဲလိုပွတ်လိုက်တဲ့အခါ နာတာလေး နည်းနည်းသက်သာသွားသလို ခံစားမိတယ်။ တကယ်တော့ ခန္ဓာကိုယ် နေရာတစ်ခုခုကို မတော်တဆ ထိခိုက်မှုကြောင့် နာသွားတဲ့အခါ အဲဒီနေရာကို လက်နဲ့ ညင်ညင်သာသာ ပွတ်ပေးလိုက်ရင် နာကျင်တာတွေ နည်းနည်းသက်သာသွားတတ်တာမှာ အကြောင်းရှိပါတယ်။ အဲဒါကတော့ နာကျင်မှုဝေဒနာက ထိခိုက်မိတဲ့နေရာမှ စတင်ပေါ်လာပြီး အာရုံကြောတစ်လျှောက် လှုံဆော်မှုအဖြစ် ဖြတ်သန်းကာ ကျောရိုးအာရုံကြောမကို ၀င်ရောက်တယ်။ အဲဒီကတဆင့် ဦးခေါင်းအတွင်းမှာ ရှိတဲ့ ဦးနှောက်ထဲသို့ ဆက်လက်သတင်းပို့တယ်။ ဦးနှောက်ရဲ့ အာရုံလက်ခံတဲ့အပိုင်းက “ဘယ်နေရာမှာ နာသွားတယ်၊ ဘယ်အပိုင်းက ပိုနာတယ်၊ ဘယ်အပိုင်းက စူးစူးရှရှနာတယ်”လို့ ပုံဖော်ပေးတယ်။

အဲဒီနာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုသွားတဲ့လမ်းက ကျောရိုးအာရုံကြောမမှာ တခါးgate တစ်ခုရှိတယ်။ ထိခိုက်မိတဲ့ နေရာကို လက်နဲ့ ပွတ်သပ်လိုက်ခြင်းက အဲဒီတခါးကို ပိတ်လိုက်သလိုဖြစ်ပြီး နာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုက တခါးကို မဖြတ်နိုင်တော့ပဲနဲ့ ဦးနှောက် ကို နာကြောင်း သတင်းပို့ဖို့ မဖြစ်နိုင်တော့တာမို့ နာကျင်တာ သက်သာသွားတာပဲ ဖြစ်ပါတယ်။ အဲဒီလို နာကျင်မှုကို ပိတ်ဆို့ခြင်းကို ဆေးပညာမှာ gate control theory လို့ခေါ်တယ်။ (တရုတ်အပ်စိုက်ပညာဟာ ဒီသဘောကို ယူထားတာပါ)

ဘာကြောင့် သမ်းဝေရသလဲ

ဆေးပညာမှာ ဘာကြောင့် သမ်းဝေရသဲဆိုတဲ့ အကြောင်းရင်းကို တိကျသေချာစွာ မသိနိုင်သေးပါ။ အိပ်ချင်လို့ သမ်းတယ်လို့ ထင်ကြတာပါပဲ..။ ဒါပေမယ့် အနားက တစ်စုံတစ်ယောက်က သမ်းလိုက်ရင် မိမိက အိပ်ငိုက်ချင်စိတ်မရှိပေမယ့် လိုက်သမ်းဝေဖြစ်သွားပါတယ်။ အလားတူပဲ ကိုယ့်အနားက လူတွေလည်း လိုက်သမ်းဝေတာကို တွေ့ရလိမ့်မယ်..။ ဆေးပညာမှာကတော့ သမ်းခြင်းဟာ ကူးစက်တပ်သော အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ အမှုအကျင့် လို့ ဆိုပါတယ်.။ သမ်းတဲ့အတွက် အဆုတ်ရဲ့ ပိတ်ဆို့နေတဲ့ လေအိတ်ငယ်များပွင့်စေတဲ့ခြင်း နှင့် အဆုတ်မှ သွေးများ နှလုံးသို့ ကောင်းစွာရောက်ရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘာကြောင့် ကြို့ထိုးရသလဲ

ကြို့ထိုးခြင်းသည် ရင်ဘတ်ပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းကို ခွဲခြားထားတဲ့ ၀မ်းခေါင်းကြွက်သားရဲ့ စည်းဝါးမှန် စွာ ကျုံ့ညစ်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်များခြင်းသည် ကြို့ထိုးခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ သွေးမှာ ယူရီးယားများခြင်းနဲ့ နိုထရိုဂျင် ပါတဲ့ အညစ်အကြေးများခြင်းတို့ ကြောင့်လည်း ကြို့ထိုးတတ်တယ်လို့ ဆိုပါတယ်။ ကြို့ထိုးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိပြီး ကြာရှည်စွာ သိစိတ်နဲ့ ထိန်းချူပ်လို့ မရပါဘူး..။

မူရင်း.. ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)ရဲ့ စာပေဗိမာန်စာမူဆုရ -ဆေးပညာ ဗဟုသုတ ဒိုင်ယာရီ

နှစ်သက်သည်များကို လသာည. ကူးယူမှတ်သား ဖြန့်ဝေသည်..

Saturday, June 19, 2010

သီချင်းလေးတွေနဲ့အတူ..၅


၆။

ဟော..ဒါလေးက..ကျွန်းပေါ်ရောက်လာတဲ့အချစ်ဟောင်းကြီးတွေထဲမှာမှ...

သံယောစဉ်လက်ကျန်မကုန်သေးတဲ့တယောက်(ဆမ်းမ်)နဲ့...အတိတ်ရဲ့ချစ်အရိပ်တွေကို

ရင်ဖွင့်နေကြတာက....“.SOS ”တဲ့.....


ီDonna&Sam




(ကျမကြိုက်တဲ့..မဒီသီချင်းတွေထဲက..“လွဲနေတဲ့ဆုံမှတ်များ”နာမည်နဲ့

မဒီနဲ့ဘိုဘို..သီဆိုထားတဲ့...စုံတွဲသီချင်းတေးသွားလေးဖြစ်နေတယ်..း)


Ref: Wikipedia, Internet Movies Database, You tube

ကြက်ဆီထမင်း


လုလုဘလော့နဲ့ မနိုင်းနိုင်းစနေဘလော့ကိုဖတ်လို့ လသာည ဖန်တီးသည်းD အိုခရာမ လာလည်ခဲ့လျှင် ချက်ကျွေးမည်ဟု သွေးဆောင်ဖျာယောင်းသွားပါတယ်... ဟိ ငါကွးး:21:

Friday, June 18, 2010

အိမ့်ဆည်းလည်း



အဲဒီတုန်းက..ကိုယ်တာဝန်ကျတဲ့မြို့လေးရဲ့ချောင်ကျကျရပ်ကွက်လေးမှာပေါ့.........
အရာအားလုံးဘဝကိုတစ်ကစခဲ့တဲ့..နေရာလေးဆိုရင်လည်းမမှားပါဘူး....
ပြီးတော့..ကိုယ်တို့အိမ့်ဆည်းလည်းလေးတွေရဲ့ဘူမိနက်သံ။

တကယ်က..ဒီဇာတ်မှာ..ဒါရိုက်တာက..အကြီးဆုံးအမ....။
ကြံရာပါကတော့.....ကိုယ်တို့အငယ်တွေပေါ့။စဉ်းစားကြည့်တော့..ပညာစုံလို့..
နေရာအသီးသီးမှာလုပ်ငန်းကိုယ်စီဖြစ်လာတဲ့ကိုယ်တို့တတွေဟာ...မိအိုဖအိုကို..
တွေ့ဖို့ဆိုတာ..တနှစ်နေမှတခေါက်တောင်အနိုင်နိုင်ရယ်လေ...။ဒီတော့လည်း..
ကိုယ်တို့တတွေလုံး...စုံစုံညီညီ..တွေ့နေနိုင်တဲ့နေရာလေးကိုဆုံးဖြတ်လိုက်တော့...
ကိုယ်တာဝန်ကျတဲ့ဒီမြို့လေး..။....နေရာသစ်..ဘဝသစ်။

နေထိုင်စရိတ်မြင့်လှတဲ့..ဒီမြို့လေးမှာ..မိဘတွေခေါ်ထားပေမယ့်..ကိုယ့်လစာက..
နေမြင်ညပျောက်။..ညီမလေးကရော..ထူးမခြားနား။.ပြီးတော့..အဝေးမှာတာဝန်ကျနေတဲ့...
အမလတ်ရဲ့..မကြာမကြာပံ့ပိုးမှု။.ဒါပေမယ့်..ကိုယ်စတဲ့ဇာတ်နိုင်အောင်ကမယ်ဆိုတဲ့......
အမကြီးရဲ့ထောက်ပံ့မှုကသာ....တအိမ်လုံးရဲ့အခရာ။

ကိုယ်တို့ညီမတတွေကို..မတောင့်မတ..ပညာအမွေပေးခဲ့တဲ့..ဒီမိနဲ့ဖ။
ကိုယ်တို့လေးယောက်က....မကြောင့်မကြပြန်မထားနိုင်လို့စိတ်မကောင်းဖြစ်မိနေတာ။
မေနဲ့ဖေကတော့သားသမီးတွေနဲ့နေရရင်ပဲ.......အရာရာပြီးပြည့်စုံနေတာ။
နေရာသစ်ရဲ့..မြို့ပြယဉ်ကျေးမှုမှာအလွယ်တကူ..စီးမျောမနေနိုင်သေးတာကလွှဲလို့ပေါ့..။

အမလတ်က.တနှစ်မှတခါသာလာတွေ့နိုင်ပေမယ့်...အမကြီးကတော့..အလုပ်ရှိရာခြံကနေ..
တပတ်တခါ၊၂ပတ်တခါလာလာအိပ်တတ်တာ။...လာရင်လည်းအမက..သောကြာနေ့အလုပ်..
ပြီးပြီးချင်း..ညတွင်းချင်းပေါက်ချလာလေ့ရှိတာရယ်..ဒါမှလည်း..စနေ၊တနင်္ဂနွေအပြည့်အိမ်မှာ
တွေ့ရမှာလေ...။

အမကြီးလာတဲ့...နေ့တွေဆို.မေမေကလည်းသမီးကြီးကြိုက်တတ်တာတွေကြော်ချက်လို့ပေါ့။
အဖေကလည်း..သမီးကြီးရဲ့လုပ်ငန်းအတွေ့အကြုံတွေမှာ..စီးမျောလို့...။
ကိုယ်တို့အငယ်၂ကောင်ကတော့..အမေ့ကူမလိုလို..လူကြီးစကားဝိုင်းထဲပါမလိုလို....။
သူလာရင်.....ကိုယ်တွေကလေးလုပ်ရတော့ပျော်လို့..အထူးသဖြင့်လကုန်ရက်တွေဆို...
ရေပါ..ပါတယ်လေ...း)..အဲဒီနေ့ညနေဆို..အမကြီး..မလာမချင်း...ထမင်းမစားဘူး...။
ဖေဖေဆို..လမ်းထိပ်ကနေမပြန်ရဘူး..ထွက်မျှော်နေတာလေ။

မိသားစုတွေစုံသခိုက်..သောသောညံနေပေမယ့်..ကိုယ်တွေအလုပ်သွားချိန်တွေဆို...အိမ်က
သိပ်ကိုခြောက်သွေ့လွန်းမှာအမှန်ပါ...။..ပြီးတော့..မြို့ပြရဲ့လူနေမှုစရိုက်မှာ...တကယ်ဆို....
ကိုယ်တွေလည်းမနေပျော်ဘူးရယ်...။..ဒါပေမယ့်..ဘဝကတော်ရာမှာနေရမယ့်..အနေအထား.။
ဖေနဲ့မေကတော့..နေ့တဒူဝသားသမီးတွေအိမ်ပြန်လာချိန်ကိုပဲ..မျှော်နေရတဲ့..အဖြစ်။

တရက်တော့...အဲဒီနေ့က..လကုန်ရက်....။မိုးလေးကလည်းဖျောက်တောက်ဖျောက်တောက်..။
ထုံးစံအတိုင်းအမကြီးကိုစောင့်နေကြတာ...တော်တော်နဲ့မပေါ်လာတာနဲ့..ထမင်းစားလိုက်ကြရော။
နောက်ဆုံးအကြိမ်ပဲဆိုပြီး....လမ်းထိပ်ထွက်စောင့်တဲ့.....အဖေတောင်ပြန်လာပြီ..။
အလုပ်များလို့မလာအားဘူးထင်တယ်ဆိုပြီး...အိပ်မလို့ရှိသေး....“ဖေ့...မေ့”တဲ့..။

ခေါင်းမှာမိုးရေတွေရွှဲနေတဲ့အမ..လက်ထဲမှာလည်းခြင်းနဲ့...။မျက်နှာက..စပ်ဖြဲဖြဲ..။
ပြီးတော့..ပြောသေး..ဒါလေးတွေကျေးဇူးကြောင့်..ထိုင်ခုံနေရာရလာသတဲ့..။
ခြင်းလေးထဲကတဖက်ကိုလှန်ကြည့်လိုက်တော့....အိုးးးး.ခွေးးပေါက်လေးတွေ...
၃ကောင်တောင်ရယ်.......။အထီး၂ကောင်နဲ့အမလေး..။ဘယ်ပြောကောင်းမလဲ..နဂိုတည်းက
ခွေးချစ်တတ်တဲ့...ကိုယ်တို့သားအဖတတွေ..ဆွဲပွေ့တော့တာပေါ့...။သူတို့အလုပ်ခြံထဲမှာ
လာမွေးပြီးအမိမဲ့သွားရရှာတဲ့...သနားစရာခွေးပေါက်လေးတွေခမျာ...ဆာလွန်းလို့..
ကိုယ်တို့လက်ချောင်းတွေကို.....စို့တော့တာ........။

အဲဒီနေ့ကစလို့...ခွေးပြုစုရေးလုပ်ငန်း..စတော့တာပါပဲ..။
တကယ်ဆို..အမေက..ခွေးမချစ်တတ်ဘူး။ကိုယ်တွေကိုင်ရင်..အမြဲငေါက်တာလေ..။
အခုတော့....အမေလည်းမနေနိုင်တော့ဘူး..။ဈေးသွားရင်..နို့ဆီဗူးဝယ်လာပေးရတယ်..။
ပြောသေးတာ.....ညည်းတို့သားဖတတွေဟာ..လွန်..လွန်လွန်းတယ်တဲ့..။
တကယ်ပါ..ဘဝမှာခွေးကို..ကလေးလို..နို့စို့အရွယ်ကနေ.အရိပ်တကြည့်ကြည့်.စမွေးဖူးတာပါ..။

အဲဒီနေ့ကစလို့..ကိုယ်တို့အိမ်လေး..(နယ်မှာလို)ပြန်အသက်ဝင်လာသလိုခံစားရတယ်..။ မိုးလင်းလင်းချင်း..ဗိုက်ဆာလို့အော်နေတဲ့..သူတို့လေးတွေကြောင့်..အိပ်ပုပ်ကြီးလို့မရပါ
တော့ပါဘူး..။ခွေးမချစ်တဲ့မေမေက..အစောဆုံး..အိပ်ယာထလေ့ရှိတော့...သူတို့ခမျာ..
အမေ့ထမိန်စဆွဲလို့...။သူတို့ကတအီအီ....အမေက..တ..ဟက်..ဟက်နဲ့။
အံသြစရာကောင်းတာက...သူတို့လေးတွေကအမေ့ကို..ဖားတတ်ခြင်းပါ..။
အမေဈေးကများပြန်လာရင်...အပြေးအလွှားအလုအယက်..ကိုသွားကြိုကြတာရယ်...။
ဒီတော့..အမေမျက်နှာကြီးက..ပြုံးဖြီးဖြီး။

အဲဒီနေ့ကစလို့....ဂျက်ကီ..၊မည်းလေး..နဲ့..ဒေးဗစ်တို့ဟာ..ကိုယ်တို့အိမ်သားတွေ
ဖြစ်မှန်းမသိဖြစ်လာတော့တာ...။
သူတို့ကိုစသယ်လာတဲ့သခင်မကိုလည်း..မျက်နှာလုပ်တတ်သေးတာ.....။
တနှစ်မှတခါသာလာနိုင်တဲ့အမလတ်လာရင်..ဟင်းကောင်းစားရမှာကိုလည်း
မှတ်ထားတတ်သေးတာ.....။
လူတွေနေမကောင်းရင်..ကြုံရာဆေးသောက်ပေမယ့်..သူတို့နဲ့ပဲ...တိ-ကုဆရာဝန်နဲ့လည်း..
အသိမိတ်ဆွေတွေဖြစ်လာရတာ......။
ခွေးခိုးဘို့ချောင်းနေတဲ့..လမ်းသွားလမ်းလာတချို့ကိုလည်း..အဖေခမျာနေ့စဉ်.....
စောင့်ကြည့်ရတော့တာ...။
ညညဆို..သူတို့လေးတွေကပဲ..တပြန်..တဝုတ်ဝုတ်နဲ့...အိမ်ကိုစောင့်ရှောက်တတ်နေသေးတာ..။
ကိုယ်တို့အိမ်ကိုလည်း..ခွေးအိမ်လေးလို့နာမည်ပေးတတ်ကြသေးတာ..း)

အဲဒီနေ့ကစလို့....(ဒီနေ့ထိ)အဖေများအပြင်ထွက်ရင်..မကြိုက်လို့..ပုဆိုးစဆွဲပြီးအိမ်ထဲ
ပြန်ခေါ်လေ့ရှိတော့..သခင်ကြီးခမျာ..အခက်တွေ့ရတာ..။

အဲဒီနေ့ကစလို့....(ဒီနေ့ထိ)..ရုံးကားများအိမ်ရှေ့ရပ်ရင်..ကိုယ်တွေပြန်လာပြီထင်ပြီး
အမြီးကြီးပြုတ်မတတ်ယပ်နေတတ်တာ.။

အဲဒီနေ့ကစလို့....(ဒီနေ့ထိ)..သူတို့သခင်တယောက်ယောက်များခရီးထွက်သွားရင်..
ထမင်းမစားပဲ..တနေကုန်လောက်တော့..ဆန္ဒပြတတ်သေးတာ..။

အဲဒီနေ့ကစလို့.......................................................................................။

အဲဒီနေ့ကစလို့.......................................................................................။

(မိုးလေးတဖျောက်ဖျောက်နဲ့..ရေးမိရေးရာ...ရေးမိတာပါ)

အခုဆိုချင်နေသော သီချင်းများ

တို့ငယ်ငယ်တုန်းက ရောင်ပေစူးလေးတွေနဲ့လေ..

မဆုံနိုင်တော့ ရင်လည်း နေပါစေဒီတစ်သက်(လေးဆယ်ကျော်အချစ်)
စိမ်းသရဖူစိမ်းတဲ့ မောင့်မမစိမ်းရယ်

တင်ချင်တာ တင်တယ်ကွာ ဘာဖစ်လဲ.. အဟင့်...

Tuesday, June 15, 2010

ဖွားပြောတဲ့ပုံပြင်


တကယ်က..ကျမတို့အဖွားပြောလေ့ရှိတဲ့ရှေးခေတ်ဟောင်းအောင်းမေ့ဖွယ်တွေပါ....

ဒါပေမယ့်..မယုံရင်..ပုံပြင်လို့တာမှတ်ပါနော်...................................................

...........................................။.......။.....................................................


အိမ်မှာအဖွားကိုမေကြီးလို့ပဲခေါ်တယ်....

မေကြီးကအရာရာကိုမှတ်မှတ်သားသားသိပ်ရှိတယ်....

ကြုံခဲ့ဆုံခဲ့ရတာတွေကိုဖွဲ့ဖွဲ့နွဲ့နွဲ့ပြန်ပြောပြတာနားထောင်ရတာ..

တထောင့်တညပုံပြင်တွေလိုမဆုံးနိုင်အောင်ပါပဲ......................။


၁။ ခင်ဗျားဘာလုပ်သလဲ


အဲဒီတုံးက..ဂျပန်အဆုတ်..အင်္ဂလိပ်အတက်ပေါ့အေ...

ခေတ်ပျက်ဆိုတော့...တောရွာတွေမှာ..လူမိုက်တွေက..လက်နက်အားကိုးနဲ့

မိုက်ကောင်းနေတဲ့အချိန်အေ့...အရာရာ..သွားသတိစားသတိ...။


တနေ့တော့ညည်းတို့ဘက..တဖက်ရွာကိုနွားကြည့်ပါသွားတယ်...

အဖော်ပါသွားတာပါအေ...ကိုရင်မြသီးနဲ့(အဖွားအမခင်ပွန်း).....

သူကရှုပ်ရှုပ်ရှက်ရှက်အေ့...သိပ်စိတ်ချရတာမုတ်ဖူး....။


တရက်..အထက်က.စစ်ဆေးရေးတွေရောက်လာတယ်...

စပိုင်တွေများ..ကောင်းချက်တော့အေ..ရွာနာမည်အတိအကျ..ရက်စွဲ၊ပြီးတော့

ဘယ်သူတွေပါသလဲ..အမှူက..လက်နက်မှူတဲ့...။


မကြာပါဖူး..အိမ်ရှေ့ရောက်လာပြီး..ညည်းတို့ဘကိုမေးတယ်အေ့...

တဖက်ရွာသွားတဲ့ကိစ္စပေါ့..ငါကလည်းကြောက်မနေပါဘူးအေ..ညည်းတို့ဘ..

ဘာမဟုတ်တာလုပ်ရဲလို့လဲ... ဒါနဲ့..ဟိုမှာလေ..မေးချင်တာ..တာမေးပေတော့လို့...။


(စစ်ဆေးရေးနိဌာန်း)

ပလိပ်။ ။ ဦး...ခင်ဗျားဘာအလုပ်..လုပ်လဲ?

ဘဘ ။ ။ ဗျာ....ကျုပ်..နောက်ချီး( နွားချီး)ကျုံးတယ်လေ...

ပလိပ်။ ။ ????

ပလိပ်လည်း..နိဌာန်းနဲ့ပဲ...သူ့ဘာသာသူ.ကောက်ချက်ချပြီးပြန်သွားလေရဲ့....

ဒီလောက်ရိုးပုံထောက်တော့..အဲဒီအမှူထဲပါမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့အေ....။


(ဘဘသည်..ထိုအစစ်ဆေးခံအချိန်တွင်..နွားခြံထဲတကုပ်ကုပ်နဲ့နောက်ချီးကျုံးနေပါသတဲ့..း)


၂။ ငါဟုတ်ဖူး


ရှေးလူကြီးများ..တယ်ပွေကောအေ....

ညည်းတို့ခေတ်ကလူငယ်တွေများ..ဘယ်မှီမလဲ...

အေးပေါ့အေ..ပွေချိန်ရအောင်လဲ..စားဝတ်နေရေးက..ဒီလောက်ကျပ်ဘူးအေ့..။


ဒါက..တို့အဖေပြန်ပြောပြတာအေ့...

အဲဒီချိန်က..ရွာမှာ..မယ်မှုံဆိုတာလှမှလှတဲ့...

ကာလသားတွေများ..ချောင်းကြည့်ရတာ..အမောတဲ့.....။


ညည်းတို့အဘိုးလား...ပါတာပေါ့အေ..ဘယ်နေမလဲ....

ဒါပေမယ့်ပိုးပန်းသူတွေထဲမှာ..ဦးဖိုးစုံကြီးဆိုတဲ့လူကအကဲဆုံးတဲ့လေ...။


တနေ့တော့..မယ်မှုံသနပ်ခါးလိမ်းတဲ့အခန်း..သွားချောင်းဘို့..အဖေ့ကို

အဖော်စပ်တယ်တဲ့လေ...အဖေကလည်း..ဒီကောင်ဒီလောက်အပိုးသန်တာ

မှတ်လောက်အောင်လုပ်မယ်ဆိုပြီး..အတူလိုက်သွားတယ်တဲ့အေ့.....။


ဟိုရောက်တော့..ချောင်းပြီပေါ့...ထရန်ပေါက်ကနေ.....

အဲဒီမှာ..အဖေက..မပြောမဆိုနဲ့..ဦးဖိုးစုံကြီးကိုနောက်ကနေတွန်းလိုက်ကရောတဲ့...။


မယ်မှုံကလည်း...အလန့်တကြားနဲ့..သွေးလက်စ..သနပ်ခါးတုံးနဲ့ဆီး..ခေါက်ပါလေရော။


ဦးဖိုးစုံကြီးကလည်း...ထရန်ကြားကသူ့လည်ပင်းကြီးပြန်ထုတ်ရခက်...

နဖူး..သနပ်ခါးတုံးနဲ့ထုခံရလို့လည်း..နာကနာ..........ရှက်ကရှက်နဲ့.....

ကယောင်ကတန်း..ဖြေရှင်းလိုက်တာက..................

“ငါ....ငါဟုတ်ပါဘူးဟ”တဲ့အေ...။


ပြောမပြောချင်ဘူး..ရှေးလူကြီးများ...တယ်ပွေကောအေ။


Sunday, June 13, 2010

ရီစရာပြောပြမယ်


ကျောင်းသား တစ်သိုက် လှော်ကားဥယျာဉ်ကို ပျော်ပွဲစားထွက် ပြီး ကစားကြတယ်။ ကစားနည်းလေး က မဲလိပ်လေးတွေမှာ စိတ်တို မျောက်ညို၊ မိုးဒီ မော့ စ်၊ ဗိုလ်အောင်ဒင်နဲ့ 
မမြ၀င်း၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်၊ ဦးကပ်စေးနဲ့ ခင်မောင်သိန်းထွန်းဝင်း ဆိုပြီး အတွဲလေးတွေတွဲထားတယ်။ မဲလိပ်အရ ကိုယ်ကျရာအတွဲကို လက်ဆွဲပြေးရတယ်။ အတွဲမမှားရဘူး။နောက်ဆုံးမှပန်းတိုင်ေ၇ာက်တဲ့ အတွဲ က အားလုံးတောင်းဆိုတာတစ်ခုလုပ်ပေးရမယ်ပေါ့ နော်။ ကျောင်းသားခေါင်းဆောင် က ရွှီခနဲ ခရာမှုတ်တဲ့ အချိန်မှာ အားလုံးကမဲလိပ်ကိုယ်စီပြေးနှိုက်ကြ ပြီး ကိုယ်နဲ့ ကျတဲ့ အတွဲဖော်ကို အမြန်ခေါ်ပြီး ပြေးကြတာ ဗိုလ်အောင်ဒင်နဲ့ မမြ၀င်းအတွဲကျန်ခဲ့ တယ်။
အဲဒီတော့ ပရိတ်သတ်ကြီး ကသူတို့ နှစ်ယောက်ကို ဗိုလ်အောင်ဒင်နဲ့ မမြ၀င်း ရန်ဖြစ်တဲ့ အခန်း
သရုပ်ဆောင်ခိုင်းကြတယ်။ ကောင်မလေးနဲ့ ကောင်လေးကရှက်တော့  တခြားဟာလုပ်ခိုင်း
ဖို့ တောင်းဆိုပေမဲ့ မရဘူး။ မှတ်မိသလောက်ပဲပြောပါဆိုပြီး ၀ိုင်းအော်ကြတယ်။
နောက်ဆုံးတော့ ကောင်လေးလည်းဘာမှမတတ်နိုင်တော့ ဗိုလ်အောင်ဒင်စတိုင်ဖမ်း
ဖို့ ဘောင်းဘီဆွဲတင်လိုက်ကာရှိသေးတယ် ကောင်မလေးကမျက်လုံးပြူးမျက်ဆံပြူးနဲ့ 
မ…….မလုပ်ပါနဲ့ အစ်ကိုကြီးရယ်……ကျွန်မ မမာလို့ ပါ ဆိုပြီး ဗိုလ်အောင်ဒင်ဇာတ်ကားထဲက မမြ၀င်းပြောသလို ပြောချလိုက်တော့ ဝါးခနဲ ပွဲကျသွားတယ်။ ကောင်လေး ကလည်းခေသူမဟုတ်..
ဟားဟားဟား သိပ်ကြောက်သွားသလား မမြ၀င်း…..ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ ပါ ……၀ါးခနဲ ပွဲကျသွားပြန်တယ်။
ကောင်မလေး က အို…..ရှင်……ရှင် အရှေ့ မတိုးနဲ့ နော်…ရှင် အရှေ့ ဆက်တိုးရင် ကျွန်မဟိုဟာကြီးနဲ့ ထိုးလိုက်မယ် ဆို တော့ အားလုံးက
ဘယ်ဟာကြီးလဲဗျို့ ……
ကောင်မလေး က အဲ…….ကတ်ကြေး……..ကတ်ကြေး…..
ပွဲကြသွားပြန်တယ်။
အားလုံး ကဗိုလ်အောင်ဒင်ဆက်ပြောပါဗျို့ ဆိုတော့ 
ဟားဟား မမြ၀င်း မင်းကငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား၊ဒီမှာကြည့် စမ်း မမြ၀င်းဒါဘာလဲ….လက်ထဲမှာ ဘာမှမပါတော့ သေနတ်ပုံစံလုပ်ပြတာလေ
အဲဒီတော့ ကောင်မလေး က လက်ညှိုး …..တဲ့ 
အားလုံး က၀ါးခနဲ ရီကြပြန်တယ်။
ကောင်လေး က မှင်ပြန်သတ်လိုက်ပြီး
သေနတ်လုပ်ပါဟနင်ကလည်း……..ဆိုတော့ မှ ကောင်မလး ကအေး…….
.သေနတ်တဲ့ …..ကောင်လေး ကခါးကို ဟန်ပါပါပြန်ထောက်ပြီး…..
အေး မင်းငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား…ဟားဟား ငါ့ ရဲ့ မဟူရာ သေနတ်ထဲ ကငွေရောင် ကျည် ဖူးလေးတွေ မင်းရဲ့ ရင် မှာထာဝရ အကိန်းအောင်းစေချင်ဘူးဆိုရင် မင်းစကားကို သရန် ၊ သရင်၊ သရောလိုက်ပါ…….၀ါးခနဲ ပွဲ ကျသွားတယ်။ အမှန် သူပြောချင်တာက ပြန်ပြင်ပြောလိုက်ပါလို့ ဆိုချင်တာကို လျှာကလိပ်
နေတော့ အဲဒီလိုဖြစ်သွားတယ်။
အားလုံးအူနှိပ်ပြီးရယ်ကြသတည်းးးးးး။
အကြည်တော်ရဲ့  နတ်နေကိုင်းဝတ္ထုထဲက ရီရလို့ ပြန်ပြောပြ၏...ဖတ်ပြီးသားဆိုရင်တော့ ဆောရီးပါရှင့် 

အိစံ

သီချင်းလေးတွေနဲ့အတူ...၎



၅။ ဒါကတော့..မကြာမှီလက်ထပ်တော့မယ့်ဆိုဖီယာနဲ့ချစ်သူ.စကိုင်းတို့ရဲ့နှစ်ပါးသစ္စာ.....
Lay All Your Love On Me..... တဲ့
“အချစ်များ...သူ့ဆီမှာ...”မဟုတ်ပဲ “အချစ်များ..ကိုယ့်ဆီလာ”ပေါ့နော်...း))))




Ref: Wikipedia, Internet Movies Database, You tube

Tuesday, June 8, 2010

ဦးခေါင်းသေးတဲ့ ရောဂါ

တစ်ရက်မှာ လူတစ်ယောက်ဟာ ရုံးအားလပ်ရက်မှာ ဈေးဝယ်ထွက်ရင်း နာမည်ကြီးကုမ္ပဏီက ဈေးကြီးကြီး ဦးထုပ်တစ်လုံးကို ၀ယ်လာခဲ့တယ်..။



သဘောကျလွန်းလို့ ရုံးကို နေ့တိုင်းဆောင်းရင်း ရုံးက မိတ်ဆွေတွေကို ဦးထုပ်ဈေးကြီးကြောင်း၊ ဘယ်ကုမ္ပဏီလုပ်ဦးထုပ်ဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းခန်း မနားမနေ ဖွင့်လေ့ရှိသတဲ့..

နေ့တိုင်း ပြောလွန်းနေတော့လည်း သူ့မိတ်ဆွေတွေ နားငြီးလာကြတယ်ပေါ့....


ဒါနဲ့ .. သူ့မိတ်ဆွေတွေဟာ ခေါင်းချင်းဆိုင်လို့ အကြံတစ်ခု ၀ိုင်းထုတ်ပြီး သူ့ဦးထုပ်ဝယ်တဲ့ ကုမ္ပဏီကနေပြီး အမျိုးအစားတူ၊ အရောင်တူ ၄ ခုဝယ်လိုက်ကြတယ်။ ပြီးတော့ ဦးထုတ်တွေမှာ သူ့နာမည်ကို ပါ တပါတည်းရေးထားလိုက်တယ်တဲ့....။ ဦးထုပ်ဆိုဒ်တော့ မတူဘူး။ သူ့ဦးထုပ်ရဲ့ ဆိုဒ်နံပါတ်က ၅ရ ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေက ၅၈၊ ၅၉၊ ၆၀၊ ၆၁ ဆိုပြီးဆိုဒ်နံပါတ် ၄ မျိုးခွဲဝယ်ခဲ့ကြတယ်။


ဝယ်ပြီး ပထမဆုံးနေ့မှာ သူ့မရှိခင် သူ့ဦးထုပ်ကို သူတို့ဝယ်ထားတဲ့ ဦးထုပ်ဆိုဒ်နံပါတ် ၅၈ နဲ့ လဲထားလိုက်ကြတယ်။

ဒါပေမယ့် ဆိုဒ်နံပါတ် ၅၈ ဟာ ဆိုဒ်နံပါတ် ၅၇နဲ့ သိပ်မကွဲတာကြောင့် သူ သတိမထားမိခဲ့ဘူး..။

ဒုတိယနေ့မှာ ဆိုဒ် နံပါတ် ၅၉ နဲ့ လဲပြီး ထားလိုက်ကြတယ်။



ဒီနေ့တော့ သူ့စိတ်ထဲမှာ သူ့ဦးထုပ် နည်းနည်းကြီးနေသလားလို့ တွေးမိတယ်တဲ့...။



ဦးထုပ်ကို သေချာကြည့်တယ်။ ကုမ္ပဏီအတူတူ၊ အရောင်အတူတူ၊ သူ့နာမည်လည်း ရေးထားတယ်။ “အင်း.. ငါ စိတ်ထင်တာ နေမှာပါ”လို့ တွေးပြီး ဒီအတိုင်းပဲ စိတ်ချလက်ချ ဆောင်းသွားခဲ့တယ်။



တတိယနေ့ကျတော့လည်း သူ့မိတ်ဆွေတွေက ဆိုဒ်နံပါတ် ၆၀ နဲ့ လဲထားကြပြန်တယ်။



ဒီတခါတော့ သူဦးထုပ်ဟာ သူ့ခေါင်းမှာ တော်တော်ချောင်နေတာကို သတိထားမိပြီး စိတ်ပူသွားတယ်။

ဒါနဲ့ ဦးထုပ်အရောင်နဲ့ သူ့နာမည်ကို သေချာပြန်စစ်ဆေးတယ်။


“ အင်း အားလုံး အတူတူပဲ ၊ဒီ ဦးထုပ်ဟာ ငါ့ဦးထုပ်ပဲ...၊ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ.. ။ ဟုတ်တယ်.. တစ်ခုခုပဲ၊ ငါ့ ဦးထုပ်က အရင်က ငါ့ခေါင်းနဲ့ အံကိုက်ပါ..။ အခု မကိုက်တော့ဘူး..။ ဧကန္တ.. ငါ့ဦးခေါင်းပဲ သေးသွားလို့လား”လို့ တွေးမိတယ်။



ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ပြန်စမ်းကြည့်တယ်။ နောက် မှန်ထဲလည်း သေချာကြည့်တယ်။

အင်း ငါ့ခေါင်းက အရင်လိုပါပဲ.. အား စိတ်ရှုပ်လာပြီ နေပါစေတော့ မတွေးတော့ဘူး...။

စတုတ္ထမြောက်နေ့ ရောက်တော့ မိတ်ဆွေတွေက.. သူ့ဦးထုပ်ကို ဆိုဒ်နံပါတ် အကြီးဆုံး ၆၁ နဲ့ လဲထားကြတယ်။



သူတအားကို တုန်လှုပ်သွားတယ်..။ တကယ်ပဲ.. ငါ့ ဦးခေါင်းဟာ သေးသထက် သေးနေပါလား...။ ဒါနဲ့ သူစိတ်တအားပူပြီး ဆရာဝန်ကို ဖုန်းဆက်လို့ အကြောင်းစုံ ပြောပြပြီး မေးတယ်။..



ဦးခေါင်းသေးရင် ဘာဖြစ်တတ်သလဲဆိုတာကို ပြောပြပါ ဒေါက်တာ..တဲ့..။



ဆရာဝန်ကလည်း အဲဒီလို ဦးခေါင်းသေးတဲ့ ရောဂါအကြောင်း မကြားဖူးဘူးဗျာ..။ သိပ်ပြီးတော့ စိတ်ပူစရာ မရှိပါဘူး..။ ခင်ဗျားစိတ်ထင်တာ နေမှာပါလို့ ပြန်ရှင်းသတဲ့..။

အဲဒီနေ့က စပြီး သူ့ဦးခေါင်း သေးသထက် ပိုသေးလာမှာကို စိုးရိမ်တဲ့အတွက် ဦးထုပ်ကို အဝေးကိုလွှင့်ပစ်လိုက်သလို ဦးထုပ်အကြောင်းလည်း မပြောရှာတော့ဘူးတဲ့.....။ မိတ်ဆွေများလည်း နားငြီးသက်သာ သွားတာပေါ့နော်။.



. .. ပုံပြင်လေးက ဒါပါပဲကွယ်...း)))
............................................ x .....................................................


ဒီတပတ်တော့ ဆယ်မီနာ နားတာမို့ လက်ကမြင်းနေတာ..း) ။ နောက်အပတ်ကစပြီး ပြန်ပြီးတိုင်ပတ်ဦးမယ် ထင်တယ်..။ သယ်ရင်းများ.. နားငြီးသက်သွားလိမ့်မယ်..(နောက်တာပါ).။ ချစ်ရတဲ့ သယ်ရင်းလေးများ အမောပြေပါစေ...။အားလုံးကျန်းမာရေး ဂရုစိုက်ပါ...

မှတ်ချက် ။ ။ lab ထဲက ဟာသစာအုပ်တစ်အုပ်ထဲမှာ အမည်မသိကာတွန်းဆရာရဲ့ ကာတွန်းလေးတွေပါ။ ပုံလေးတွေ သဘောကျလို့ သယ်ရင်းလေးတွေကို မျှတာပါ..။(ကာတွန်းပုံတွေမှာ ကိုယ့်နာမည်ထည့်ထားပေမယ့် ကိုယ်ဆွဲတာ မဟုတ်..။ စကန်ဖတ်ထားတာသာ ဖြစ်ကြောင်းလည်း ၀န်ခံပါရစေနော်၊ အထင်ကြီးမှာ စိုးလို့ပါ.း)

အားလုံးကို ချစ်တဲ့
လသာညဖြစ်ပါတယ်..