Saturday, January 29, 2011

မင်း သင်ပေးတဲ့ အရာတွေ


၁) တခါတလေမှာ အဓိပ္ပါယ်မရှိတဲ့ အရာတွေ လုပ်ကြည့်ဖို့...
၂)   မိမိစိတ်ချမ်းသာတဲ့အရပ်ကို ခံစားရွေးချယ်နေတတ်ဖို့..
၃) ကိုယ့်အရည်အချင်းကန့်သတ်ထားတဲ့ စိတ်ထားကိုဖယ်ပစ်.ဖို့..
ဒါတွေက.......................................................................
မင်း သင်ပေးတဲ့အရာတွေ .. ..



Wednesday, January 19, 2011

ကင်မ်ချီနှင့် ပိန်ပါ့မလားဟင်။

ဆိုင်က ကင်မ်ချီဝယ်လာပြီးစားတယ်။ ဂျပန်စတိုင်မဟုတ်ပဲ ကိုးရီးယားစတိုင်။ စားလို့မ၀ဘူး။ :P :P
အဲဒါနဲ့ ယူကျူဘ်မှာ လုပ်နည်းရှာတယ်။ ဒီနည်းလေးနဲ့လုပ်မယ် ဆုံးဖြတ်တယ်။


လိုအပ်တာတွေ ၀ယ်တယ်။ နရှိက နရှိ (သစ်တော်သီးက မရဘူး။) အဲဒါနဲ့ ရိုးရိုး Pear ပဲဝယ်လိုက်တယ်။

မုန်ညင်းဖြူထုပ်ကို အဆောင် ထမင်းစားခန်းမှာ စလှီးတော့ ဘေးနားမှာ ၀ါးတီးဖွင့်နေတဲ့ ကိုးရီးယန်း ချာတိတ်မ နှစ်ယောက်က သူတို့ကင်မ်ချီတွေ ထုတ်ကျွေးတယ်။ ကိုးရီးယန်း အမေတွေ လုပ်ပေးလိုက်တဲ့ ကင်မ်ချီတွေကို တ၀ တပြဲ စားလိုက်ပြီးတော့ (အတော်ကြိုက်တယ်။ ကိုးရီးယန်းစတိုင်ကို ပိုကြိုက်တယ်။) ကြက်သွန်နီ ထည့်လားလို့
မေးတော့ ဟင့်အင်းတဲ့။

အဲဒါနဲ့ ကိုယ့်ကင်မ်ချီကိုတော့ ကြက်သွန်နီ ထည့်မလုပ်လိုက်ဘူး။ အသီးတွေက သေးတော့ ပန်းသီးရော သစ်တော်သီးရော တစ်လုံးလုံး။ ထည့်ရတယ်။

ဆားရည်စိမ်ပြီးအိပ်လိုက်တော့ ယူကျုဘ်က ပြောသလို နှစ်နာရီလဲမက ။ လုလု ပြောသလို လေးနာရီလဲ မက ဖြစ်သွားတယ်။ ကင်မ်ချီ မပျက်လို့ တော်တော့တယ်။ ရေကို နှစ်ထပ်ပဲ ဆေးပြီး ဇကာထဲမှာ ခန ဖိချလိုက်တယ်။ ကိုယ့်အားလေးနဲ့ ဖိသိပ်ပြီး ရေနည်းပါစေကြောင်း ကြိုးစားတယ်။

ကင်မ်ချီကို နယ်တယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းနဲ့ များနေတာ သတိထားမိပေမဲ့ များများလေး ထည့်လုပ်ကြည့်မယ် လို့ဆုံးဖြတ်တယ်။ ဗူးကြီး ၂ဗူးရတယ်။ ငြုတ်သီးမထည့်ပဲ အဖြူလုပ်လိုက်တယ်။

ကျောင်းခန်းထဲ ထားတော့ ၁ ရက်အကျော်မှာ ကိုယ့်စိတ်ကြိုက်ရပြီမို့  အိမ်ပြန်သယ်ပြီး ၀ရန်တာထုတ်ပြီး အချဉ်မပေါက်အောင် အေးထားမယ် လုပ်တယ်။

အိုကီနာဝါ သူငယ်ချင်းက တွေ့တော့ စားမယ် လုပ်တယ်။ သူ့ဘာသူ နှစ်ခါ ထပ်ထည့်စားတယ်။ အူမအိ။ လို့ပြောတော့ သူ့ရှေ့က ကျောင်းသားပါ လာယူစားတယ်။ ဗမာပြည်ပြန်ရင် ကင်မ်ချီဆိုင် ဖွင့်ရင် ကောင်းမလားပဲ။ :D :D

လုပ်နည်းတစ်ခုထဲကလို လမ်းကြုံရင် ဆန်နှစ်ကျိုလေးနဲ့လဲ လုပ်စမ်းမယ်အောင့်မေ့တယ်။ စားကောင်းမှာပဲလို့ ထင်နေတယ်။ နောက်တစ်ခါတော့ ကိုးရီးယန်း စတိုင် ငြုတ်သီးတွေနဲ့ ရဲ နေအောင် လုပ်မယ် ဆုံးဖြတ်ထားတယ်။

(စာရေးနေတုန်း --- ၀ိတ်လျှော့ပါမယ်။ ညစာ မစားပါဘူးဆိုနေမှ ဇူးဌာနက ကျောင်းသူတစ်ယောက်က အင်ဒိုနီးရှားက ၀ယ်လာတဲ့ ဒူးရင်းသီး မုန့်ကုလားမဲ လာကျွေးလို့ စားရပြန်တယ်။ ဒါပေမဲ့လဲ မစားရတာ ကြာတော့ စားကောင်းလိုက်တာ။ ဒါပေမဲ့ ထားဝယ်က အုန်းသီးနိုင်းချင်းနဲ့လုပ်တဲ့ မုန့် ကုလားမဲက ပိုစားကောင်းသလား အောင့်မေ့မိတယ်။ အင်ဒိုနီးရှား မုန့်ကုလားမဲက ထားဝယ်မုန့်ကုလားမဲထက် ဆန်ကြမ်းလဲ ပိုများသလားလို့။
အင်း။။--- မန္တလေး မြင့်မြင့်စန်း ထိုးမုန့်လဲ စားလို့ သိပ်ကောင်းပါတယ်လေ။ :D :D (ဒီလူတော့ -- ပိန်ဦးမယ်။ )

ပြာသိုလပြည့် အမေနေ့ ..။



အမေ.....။

အမေနေ့ ကိုရောက်တိုင်း၊
အမေ့မွေးနေ့ ရောက်တိုင်း၊
မောင်နှမတွေ မွေးနေ့ ရောက်တိုင်း၊
အမေ့ကို ခါတိုင်းနေ့ တွေထက်
ပိုပြီး လွမ်းဆွတ်မိတယ် အမေ..။

လောကအလယ်မှာ
သားသမီးတွေ လူပုံအလယ်
တင့်တယ်စေဖို့ 
အမေ ကြိုးစားရုန်းကန်ခဲ့ရတဲ့ရက်တွေ
ပြန်လည်သတိရမိပါတယ် အမေရယ်..။

ဘယ်မိဘမဆို
ကိုယ့်သားသမီးကို
ကြီးကျယ်မြင့်မြတ်တဲ့ဘဝကို
ပိုင်ဆိုင်စေချင်ကြမှာပါ..။

ငယ်ငယ်တုန်းက
အမေ့တန်ဖိုးကို
သိပ်ပြီးနားမလည်တတ်ခဲ့ပေမယ့်
လူ့ လောကအလယ်
ဖြတ်သန်းကြီးပြင်းချိန် ကြာမြင့်လာတာနဲ့ အမျှ
အမေ့တန်ဖိုးကို
ပိုလို့  နားလည် တန်ဖိုးထားတတ်ခဲ့တာကို
သမီးဝန်ခံပါရစေ...။

အမေရဲ့ ဘဝလမ်းတစ်လျှောက်
ပင်ပန်းခဲ့တဲ့အချိန်တွေ
အပန်းဖြေနားနေဖို့ 
အချိန်ကို ရောက်ခဲ့ပြီမို့ 
အမေ လေးစားချစ်ခင်တဲ့ အဖေရယ်
အမေတန်ဖိုးထားချစ်တဲ့သားသမီးမြေးတွေနဲ့ အတူ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေ ပြည့်စုံလို့ 
နောင်နှစ်ပေါင်း များစွာတိုင်
ဆက်လက်လျှောက်လှမ်းသွားကြမယ်နော်..။

အမေချစ်တဲ့သမီး

Tuesday, January 11, 2011

နေ့စဉ်ဘ၀ထဲက ဟာသများ-၎

(၁)
ငါ့သမီးလေး တော်တယ်း)




\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.

..........................................................
(၂) 
တွေးရတာလည်း မလွယ်း)






\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
 





Sunday, January 9, 2011

အချစ်သင်ခန်းစာ။ (နားမလည်ဘူး။ လိုက်မမှီဘူး။)

ချစ်ရတဲ့ သူငယ်ချင်းမ တစ်ယောက် ရှိပါတယ်။ ကိုယ့်ကို ငှက်မလေး လို့ ပြောပြီး သူမကိုယ် သူမ သစ်တောလေးလို့ တင်စားပါတယ်။ ညည်းက ငှက်လေးလို လာပြီး ငှက်လေးလို ပြန်သွားတာလေ-- ငါတို့ကတော့ တောအုပ်ပေါ့--- လို့ပြောခဲ့ဖူးတယ်ပေါ့။

သစ်တောအုပ်မလေး ဆီက စာလေး တစ်စောင်ကို ငှက်မလေး က ဒီမနက် လက်ခံရရှိခဲ့ပါတယ်။

--- အရင်ဆုံး သစ်တောအုပ်မလေး အကြောင်းကို နဲနဲ မိတ်ဆက်ပါမယ်။ ငှက်မလေး သိသလောက်ပေါ့။

တပြည်သားကို ချစ်မိတဲ့ သစ်တောအုပ်မလေးက တပြည်သားရဲ့ ရင်သွေးလေးကို မွေးဖွါးခဲ့ပေမဲ့ တပြည်သားကို လက်မထပ်ခဲ့ပါဘူး။ သမီးလေး ၁၃-၁၄ နှစ်သမီး အရွယ်မှာ တနိုင်ငံတည်းသား ဂုဏ်ရည်တူ အမျိုးကောင်းသားနဲ့ လက်ထပ်ခဲ့ပါတယ်။

ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်း ၂ စုံကို မြင်တွေ့ခဲ့ပြီးတော့ သားလေး တစ်ယောက်ထွန်းကားတယ်လို့ ငှက်မလေးက ကြားရတဲ့အခါ အလွန်ဝမ်းသာ ခဲ့ရပါတယ်။
-----
ဒါပေမဲ့--- ဒါပေမဲ့--- ပေါ့လေ။

ငှက်မလေးက ဒီနေ့ရတဲ့ စာကို ဖတ်ပြီး တိတ်တိတ်လေး ဘုရားတ-- တယ်။ (ပြီးတော့ အော်ကြီးဟစ်ကျုယ် ဘလော့ ပေါ်တင်တယ်။ စိတ်မရှိပါနဲ့။ လောကကြီးမှာ နားလည်စရာတွေ နားလည်ရခက်စရာတွေအကြောင်း လေ့လာကြရအောင်။)
---------
ငှက်မလေးရေ။ ငါ့ကို စာရေးတာ ကျေးဇူးပါကွယ်။ ညည်းသိတဲ့ အတိုင်း ငါ အလုပ်တွေ များဆဲပါပဲ။ (သူမကို ကြည့်ပြီး အာရှမှာ မိန်းမဖြစ်ရတာ အတော် စားသာတယ်လို့ ငှက်မလေးက တွေးခဲ့ဖူးတယ်။) ငါ မပြောင်းလဲနိုင်သေး --- အင်း မပြောင်းလဲ ချင်သေးတာဖြစ်မှာပါလေ။ ညည်းသတင်း ကြားရတာ ၀မ်းသာပါတယ်အေ။

ငါ့မိသားစု အကြောင်းကတော့ ခပ်တိုတိုပါပဲ။ ငါ့ယောကျာ်း မောင်အေ ကို ညည်းမှတ်မိမှာပေါ့အေ။ ငါတို့ ၂၀၀၄ မှာ လက်ထပ်ခဲ့ကြတာရော။ အချစ်မရှိတော့ အဆင်မပြေပါဘူး။ (ဘုရား။ ဘုရား။ အဲဒီ ရွှန်းလဲ့နေတဲ့ မျက်လုံး ၂စုံမှာ အချစ်မရှိခဲ့ဘူးတဲ့လား။ ) အဲဒီတုန်းကတော့ ငါ ဂုဏ်ရှိမယ်လို့ ထင်ခဲ့မိတယ်။ (မောင်အေကလဲ အဲ--- သစ်တောအုပ်မလေးနဲ့ ပညာအရည်အချင်း အတူကိုး။) ဟင့်အင်း။ ဘယ်တော့မှ ငါ့သမီးလေးရဲ့ အဖေ၊ ငါ့အချစ် (တပြည်သား) ကို မေ့လို့မရဘူး။ သူကတော့ အိမ်ထောင်ပြုလိုက်တယ်။ အဲဒါကြောင့် ငါက မဖြစ်နိုင်တော့ဘူး၊ မတရားဖူးလို့ တွေးခဲ့တယ်။ နဲနဲတော့ ရှုပ်ထွေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ နားလည်ရ မလွယ်ကူပါဘူး ကွယ်။ အနှစ်ချုပ်လိုက်တော့ ငါအိမ်ထောင်ပြုပြီးမွေးလာတဲ့ ငါ့သားလေး မောင်ဂျူနီယာအေ ဟာ ငါ့ယောကျာ်း မောင်အေ ရဲ့သားမဟုတ်ပဲ သမီးတို့ အဖေပဲ ဖြစ်နေတော့တာပါပဲ။ (သစ်တောအုပ်မလေးရယ်။ မောင်အေက သစ်တောအုပ်မလေးနဲ့ ရည်းစားဘ၀ တည်းက တောက်လျှောက် အိပ်နေရဲ့သားနဲ့ ဘယ်လို ဖြစ်ရတာလဲကွယ်။)
ငါ စိတ်မကောင်းပါဘူး။ င့ါယောကျာ်း မောင်အေနဲ့ငါတော့ မကြာခင် ကွာရှင်းကြမှာပါ။ အချစ်ကြောင့် အနာဂါတ်ကို စွန့်လွှတ်တယ်ပဲ ဆိုကြပါစို့။

ငါချစ်ခဲ့သလို အချစ်မျိုး ညည်းတွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။ (ကျေးဇူးတင်ပါတယ်။ သစ်တောအုပ်မလေးရယ်။ ဒါပေမဲ့ ---- အဲသလိုမျိုးဆို ငါ အဲဒီ ---အချစ်ကို မတွေ့ပါရစေနဲ့တော့။--- ငါ့ကို ခွင့်လွှတ်ပါ။ ) လက်ထပ်ဖြစ်သည်ဖြစ်စေ။ မဖြစ်သည် ဖြစ်စေ အဲဒါဟာ အရေးမကြီးပါဘူးကွယ်။ လူတွေဟာ အသက်ရှင်စဉ်မှာ ပျော်ရွှင်နေသင့်တယ်။ အချစ်ဆိုတာ ထူးဆန်းပြီးအံသြစရာကောင်းပါတယ်ကွယ်။ အဲဒါဟာ အခု ငါထင်တာပေါ့လေ။
(အင်း--- သစ်တောအုပ်မလေးရေ။ --- လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုပါကွယ်။ ငါ့ကို ထပ်ပြီး ခွင့်လွှတ်ပါ။)
-----------------------------
သစ်တောအုပ်မလေးရေ။ သစ်တောအုပ်မလေး ပြောပြတဲ့ အချစ်အကြောင်းကို လိုက်မမီသေးပေမဲ့ ဘာပဲဖြစ်ဖြစ် ပျော်နေပါစေလို့ ငှက်မလေး က ဆုတောင်းပေးပါတယ်။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အချစ်။ အချစ်။---- နားမလည်ဘူး။ လိုက်မမီဘူးးးးးးးးးးးးးးးးးးး။

Sunday, January 2, 2011

ကျွန်းဦးကျောင်းကို ဆွမ်းချိုင့်ပို့ခဲ့တယ်။

၂၀၁၀ ဒီဇင်ဘာ ၃၁ မနက်။
------------
အိမ်ကထွက်တော့ လေးနှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဖူကူအိုကာရဲ့ လမ်းတွေ၊ လမ်းဘေးမြောင်းတွေမှာ ကောင်းစွာခဲနေသော ရေခဲများကို တွေ့ရတယ်။ လက်အိတ်က ၂ ထပ်။ အနွေးထည်တော့ ဘယ်နှစ်ထပ် ထပ်မိမှန်း မစဉ်းစားတော့ဘူး။ မျက်နှာလေး တစ်ကွက်တင်ကို တော်တော် အေးနေခဲ့တယ်။
---
ကျွန်းဦးကျောင်းရှိရာ တောင်ပေါ်ကို စတက်တော့ နှင်းလေက ပြင်းပြင်းထန်ထန် တိုက်နေတာကို တွေ့ရတယ်။
ချယ်ရီပင်တွေက ယိမ်းထိုးနေခဲ့တယ်။ အချို့နေရာတွေမှာ သစ်ကိုင်းတွေ ကျိုးကျနေခဲ့တယ်။ တယ်လီဖုန်းက ဘက်ထရီ ကုန်နေတယ်။ စိတ်ပူပေမဲ့ မကြောက်ခဲ့ဘူး။ သစ်ပင်ပိလဲ ငါသေရုံပဲ လို့ တွေးမိတယ်။ လောကမှာ သေခြင်းထက် ဆိုးသော အရာတွေ ရှိနေသေးတယ်လေ။ ----

တစ်ယောက်တည်းပေမဲ့ ကြောက်စိတ်မ၀င်ခဲ့တော့ဘူး။ အထီးကျန်ခြင်းဆိုတာကိုလဲ မခံစားရဘူး။ တစ်ခါတစ်လေ လူအများကြားထဲမှာ အထီးကျန်နေတတ်ပေမဲ့ တစ်ခါတစ်လေ တစ်ယောက်တည်းလဲ အထီးကျန်တယ်လို့ မခံစားမိဘူး။

အပြင်က လေပြင်းက အချို့ လူတွေ ဖန်တီးတဲ့ လေပြင်းလောက်တော့ မပြင်းပါဘူးကွယ်။ အပြင်က ရေခဲမှုန်တွေ သယ်လာတဲ့ လေဟာ အချို့လူတွေ ဖန်တီးတဲ့ အေးစက်တဲ့ လေတွေလောက် မတောင့်တင်းစေပါဘူးကွယ်။ --- အဲလို သတိရမိလိုက်တယ်။
----------------------------------------
မာတုဂါမ ခေါ်သံကြားတော့ ဘုန်းကြီးက -- ဘုရားခန်းကို သွား--- လို့ အသံပြုတယ်။ ဘုန်းကြီးကျောင်းကို မာတုဂါမ တစ်ယောက်တည်း မသွားသင့်ဘူး ဆိုတာ နားလည်ပေမဲ့ အဖော်မခေါ်ချင်၊ အခြားသူတွေနဲ့လဲ မဆုံချင်၊ ဘုန်းကြီးကျောင်းလဲသွားချင်နေသူက ရွေးချယ်စရာ မရှိခဲ့ဘူး။

ဘုန်းကြီးကို ၀တ်ပြုပြီး နေလွဲနေပြီမို့ စားစရာတွေကို မကပ်ပဲ ထားသင့်တဲ့နေရာတွေ ထားရတယ်။

တတ်သလောက် မှတ်သလောက်ချက်ထားတဲ့ ၀က်သနီချက်၊ ၀က်သားနဲ့ လ္ဘက်ချက်၊ ခရမ်းချဉ်သီးနဲ့ ငါးနီတူခြောက် ငါးပိချက် တွေကို မီးဖိုဆောင်မှာ ထားရတယ်။ ၀ယ်သွားတဲ့ ချိစ်ကိတ်၊ ချိစ်ပူတင်းတွေကို ဘုရားခန်းမှာ ထားရတယ်။

အိမ်သာဆေးဖို့ ရည်ရွယ်ပြီးသွားပေမဲ့ ဒီတစ်ခါအိမ်သာက နံမနေတာရယ်၊ ကိုယ် က ချမ်းလွန်းနေတာရယ်ကြောင့် မဆေးဖြစ်ခဲ့ဖူး။ တန့်ခ် ရှိတဲ့ အိမ်သာကို အမွှေးခဲထည့်ခဲ့တယ်။ အဲဒါလေးက ဆေးပြီးသားလဲ ဖြစ်တယ် ဆိုတာပဲ။
------------
ဒီနှစ် နှစ်ကူးကို ဘယ်မှ မသွားပဲ တစ်ယောက်တည်း နေမယ်လို့ ဆုံးဖြတ်ထားတာကြောင့် အကင်ဆိုင်က အကင်ဝယ်၊ ဇီးရိုး ကယ်လိုရီ ပက်ပစီ ၀ယ်ပြီး စားတယ်။ သောက်တယ်။ ပန်းခြံထဲမှာ နှင်းထဲမှာ ထီးလေး ဆောင်းပြီးတော့။
ဒါက ကိုယ့်ရဲ့ တကိုယ်တည်း နှစ်ဟောင်း ညနေစာလေး။ လို့ သတ်မှတ်လိုက်တယ်။

ကျောင်းရောက်တော့ ဖုန်းဘက်ထရီ သွင်းတော့ ကဇတ် ဘော်ဘော်က လှမ်းခေါ်ထားတာ တွေ့ရတယ်။ ပြန်ခေါ်တော့ ဒီလူကို မရ အရ ခေါ်ပါလေရော။ တစ်ယောက်တည်း မနေပါနဲ့တဲ့။

ရထားလက်မှတ်က တစ်နေကုန်လက်မှတ်ဆိုတော့ သွားတာပေါ့လေ။ ကဇတ်က သူမ မိသားစုကို သူမ ဖုန်းခေါ်တုန်း ကိုယ်ပါ ရောပြီး နယူးယီးယား လုပ်တယ်။

သူမ ရည်းစားချက်တဲ့ မုန်လာဥနဲ့ အမဲသားဟင်း၊ ကြက်ဥ ထမင်းကြော်ကို စား။ -----
ပစ္စည်းသယ်ရလို့ နာနေ တဲ့ လက်ဖ၀ါးတွေနဲ့ ခြေဖ၀ါးတွေကို သူမ နှိပ်ပေးတာ ခံပြီး အဲဒီ ညတော့ သူမနဲ့ တူတူ တစ်အိပ်ရာတည်းအိပ်ခဲ့တယ်။

နှစ်ဟောင်းမှာ အပြင်မှာ နှင်းတွေ ကျနေပေမဲ့ ကိုယ် နွေးနွေးထွေးထွေး ရှိနေခဲ့ပါတယ်။
----------------------
ပိုပြီး နွေးထွေးသော နှစ်ဖြစ်ပါစေ လို့ ကိုယ့်ကိုယ်ကို ဆုတောင်းပါတယ်။
တကယ်တော့ အဲဒါ ညည်းအပေါ်ပဲ မူတည်တာ---အေ့ ---- လို့တော့ အတွင်းထဲ ကကိုယ့်ကို ပြန်ပြောတာ ကြားမိလိုက်သလိုပဲ။ :D :D
-----------------------------
အမုန်းမရှိတဲ့ ကမ္ဘာက အားလုံးအတွက် လဲ ပျော်ရွှင် ချမ်းမြေ့ အောင်မြင်သော နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Saturday, January 1, 2011

အားလုံးအတွက်


နှစ်သစ်မှာ အားလုံး အတွက် osechi ပို့ ပေးလိုက်တယ်.. Happy New Year!!

naingpa