Showing posts with label စားကြမယ်ဟေ့ ကောင်းကောင်း. Show all posts
Showing posts with label စားကြမယ်ဟေ့ ကောင်းကောင်း. Show all posts
Wednesday, December 22, 2010
Let's make မုန့်ရေပါး
မန္တလေးအခေါ် မုန့်ရေပါး။ ရန်ကုန်အခေါ် လမ်းသရဲမုန့်တဲ့ ဟုတ်လား။ နောက်ထပ် ဘယ်နေရာက ဘယ်လိုခေါ်လဲမသိ။ တစ်ကယ်တော့ မုန့်ရေပါးလုပ်နည်းကို KTML ကြီးသင်ပေးသွားလို့ လုပ်တတ်တာပါ။
အယ်ဒီတာချုပ်တောင်မေ့နေလောက်ပြီ။ တစ်ခါတုံးက ဆန်မှုန့်ထုပ် ဓာတ်ပုံပို့ပေးမယ် ဆိုပြီး ပြောထားဖူးတယ်။ အဲဒါကို သတိရတာနဲ့ ပိုစ်ရေးလိုက်တယ်။
ဒါက ဂျပန်မှာ ၀ယ်လို့ရတဲ့ ဆန်မှုန့်ထုပ်လေးပါ။
မုန့်ရေပါး လုပ်ရန်လိုအပ်သော ပစ္စည်းများ။
၁။ ဆန်မှုန့်ုထုတ် ၁ ထုတ် (မုန့်ရေပါး ၆ ပြားလောက်ရတယ်။)
၂။ ကြက်ဥ ၂လုံး (သို့) ၃ လုံး
၂။ ခရမ်းချဉ်သီး (ကြီး ၂ လုံး)
၃။ ပဲပင်ပေါက် ၁ ထုတ်
၎။ ငရုတ်သီးစိမ်း ၁၀ တောင့်
၅။ မဆလာ
၆။ ဆား နဲ့ ဆီ
၇။ ဒယ်အိုပြား အနောတော်ဆိုဒ် ကောင်းကောင်း။
ဆန်မှုန့်တစ်ဆ ရေသုံးဆ ရောပြီး နာရီဝက်လောက်စိမ်ပေးထားပါ။
အရည်ပျစ်ဖို့မလိုပါ။ အရည်ခပ်ကျဲကျဲဖြစ်မှ မုန့်ပါးပါးဖြစ်မှာ။
ခရမ်းချဉ်သီး နဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
ကြက်ဥကို ကြေအောင် ခေါက်ထားပါ။
အားလုံးပြင်ပြီးရင် ဒယ်အိုးပြားထဲကို ဆီနည်းနည်းထည့်ပါ။ မုန့်နှစ်ရည်တွေ အနေတော် လောင်းထည့်ပြီး
ပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးနော်။ ကြက်ဥခေါက်ထားတာကိုလည်း ညီညီညာညာဖြစ်အောင် မုန့်နှစ်ရည်တွေပေါ်ထပ်ပြီး ဖြန့်ခင်းပေးပါ။
ပြီးရင် ဆားနည်းနည်းဖြူးလိုက်ပြီး ပဲပင်ပေါက်လေးတွေကို ဖြန့်ခင်း၊  အဖုံးလေးခဏအုပ်ထားပါ။
မိနစ်ဝက်လောက်ရရင် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း စိတ်ထားတာလေးတွေကို ထပ်ပြီး ဖြန့်ခင်းလိုက်နော်။
ပြီးရင် မိနစ်ဝက်လောက် အဖုံးခဏ ထပ်အုပ်ထားပါအုန်း။
ဘေးသားလေးတွေက အရင်စပြီး ကြွတ်လာလိမ့်မယ်။ ဆီကြိုက်ရင် ဘေးသားတွေ တစ်ဝိုက်ကိုဆီနည်းနည်း ထပ်လောင်းပေးလိုက်ပြီး ဆီတွေပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးပါ။
မီးငယ်လေးတို့ကတော့ ခဏခဏဘေးသားတွေ တူးသွားဖူးတယ်။
ကဲ ရပြီ။ အလှဆုံး ကြော်လို့ရတဲ့ မုန့်ရေပါးပုံလေးပါ။ မဆလာနံ့ မွှေးမွှေးလေးနဲ့ ချဉ်စပ်စပ်လေး စားလို့ကောင်းတယ်။စမ်းကြည့်လိုက်ကြပါအုန်းနော်။
မှတ်ချက်။  တစ်ခြမ်းနည်းနည်းတူးသွားလို့ လှတဲ့ တစ်ခြမ်းပဲ ရိုက်ထားတာ။ :D
မီးငယ်လေး ပစ်ထည့်ချက်သည်။
Saturday, December 11, 2010
သီးစုံကျောက်ကျော (ခရစ်စမတ်)
မီးငယ်လေးရေ။ တင်ပေးလိုက်ပြီနော့။ သယ်ရင်း တစ်ယောက်ကလည်း အပေါက် ဘယ်လို ဖောက်သလဲ မေးနေခဲ့တယ်။ :D :D :D
လျှို့ဝှက်ချက် ကတော့ အောက်က တုန့်ယန်း စွပ်ပြုတ် တည်တဲ့ ခွက်လေးနဲ့ တူတဲ့ ပုံစံခွက်က အခရာပါပဲ။ အတိအကျတော့ ရှာမရတာနဲ့ သဘောတရားတူတာကို တင်ပေးလိုက်တာ။ ပုံစံခွက်က နှုတ်သီးတော့ မပါဘူးရယ်။
Add caption
ကျောက်ကျောကတော့ မြန်မာ မိန်းခလေး အတော်များများ ကျိုတတ်ပါတယ်နော့။ မသိရင်လဲ လုလု ဆီ သွားကြည့်လို့ရသလို (ရှိမယ် ထင်တာပဲ။) ကျောက်ကျောထုပ်ဝယ်ရင်လဲ အညွှန်းက ပါပါတယ်။
ကျောက်ကျော တစ်ထုပ်ရှိလို့ကတော့ မျိုးစုံ ဆော့လို့ ရတယ်။ ဟုတ်တယ်မလား။
အသင့်ပြင်ထားရမှာက။
၁။ ဘလူးဘယ်ရီ၊ ရေခဲထားတာ ဖြစ်ဖြစ်၊ ဘူးထဲက ဖြစ်ဖြစ်၊ သူက ကျောက်ကျော အထဲရောက်တော့ ဘေးနားကို အရောင်ပြန့်တော့ ချစ်စရာလေး ဖြစ်လာရော။
၂။ သစ်တော့သီး (ပန်းသီးလဲ ဖြစ်တာပဲ။) ကို ပါးပါးလှီး၊ ကြယ်ပုံစံခွက် (ခရစ်စမတ်မို့လေ) ထပ်ဆော့ချင်ရင်လည်း မုန်လာဥနီကို ပန်းပုံဖောက်တဲ့ ချယ်ရီပန်း ဘာညာ -- အဲဒီ ပုံစံခွက်နဲ့ ဖောက်ချထားတာတွေ။ (အဲဒါပုံစံခွက် တွေက ယန်း ၁၀၀ ဆိုင်မှာ ရောင်းပါတယ်။ သေးသေးပဲဝယ်နော်။)
၃။ ကီဝီသီးကို အခွံနွှာ၊ အနေတော် လေး အ၀ိုင်းလှီး၊ ပြီးရင် လေးစိတ် လှီးလိုက်။
၎။ ကျောက်ကျော အနီလေးတွေ သက်သက် အရင်ကြိုပြီး Cube သေးသေးလေးတွေ လှီးထားဖို့။ ဘိုဆန်ဆန် ခရစ်စမတ် သိပ်ပီသချင်ရင်တော့ အရောင် အနီအတွက် ၀ိုင်နီ ထည့်ချလိုက်တာ။ ၀ိုင်နီသောက်နေကျ သူတွေ ဖို့တော့ အိုကေပါတယ်။ မကြိုက်တတ်ရင်တော့ တစ်ခုခုနဲ့ နီအောင်လုပ်ရုံပဲ။ နှင်းဆီသီး၊ ခေါင်ရမ်းပန်း လ္ဘက်ခြောက် (Rose Hip and Hibiscus tea) နဲ့ ကျိုရင်လဲ အိုကေမယ် ထင်တယ်။ မစမ်းဖူးဘူး။ အဲဒါက အတော်နီတာပဲ။ အနံ့လဲ မရှိဘူးရော။ ချဉ်လဲ ချဉ်တော့ ကောင်းမယ်ထင်တာပဲ။ :D :D
ရယ်ဒီ။
၁။ ကြိုထားတဲ့ ကျောက်ကျော (သကြား ဘာညာထည့်ဖို့တော့ ကိုယ့်ဘာသာကိုယ်သာ ထည့်ကြပါတော့) ကို ပုံစံခွက်ထဲကို တစ်ဝက်လောင်းချတယ်။
၂။ ကြယ်တွေ၊ ကီဝီတွေ၊ ဘလူးဘယ်ရီတွေ၊ ကျောက်ကျောနီလေးတွေ စီထည့်တယ်။ လက်နဲ့ တစ်ခု စီ ကဗျာ ဆန်ဆန်လေး စီရတာ။
၃။ လက်ကျန် ကျောက်ကျော ကို ဆက်လောင်းတယ်။
၎။ အမြုပ်လေးတွေ ထတာ သိပ်ကြီးနေမယ်ဆိုရင် ကမန်းကတန်း သွားကြားထိုးတံ အသစ်လေးနဲ့ ပူဖောင်းလေးတွေ လိုက်ဖောက်တယ်။
၅။ အအေးခံထားလိုက်တယ်။
အိုကေ သွားပလားဆိုရင် ရေလေးနဲ့ နဲနဲ ဆေးသလို လုပ်ပြီး ပန်းကန် အုပ်ပြီး ခလောက် ချ၊ မှောက်ချလိုက်ရင် --- ဟော။ --- ဒီမှာ ရပြီ။
ချောကလက် ကိတ်မုန့်နဲ့ လိုက်တာရော။
ဝါသနာပါလို့ ကိုယ့်ဘာသာကိုယ် ဆော့ချင်ရင် ပင်ပွါးတို့ အုန်းသီးနုနု ခြစ်ထားတာတို့၊ အုန်းနို့တို့။ သရက်သီးမှည့် တုံးလေးတွေ တို့။ --- စိတ်ကြိုက်ဆော့ နိုင်တာပဲ။ ဟုတ်တယ်မို့လား။
Thursday, October 28, 2010
ဘယာကြော် စားရအောင်
ဘေးဘယာကင်းအောင် ဘယာကင်း ဘယာကြော် စားရအောင် ..
NNရေ ..
ဘယာကြော် ကြော်တာကတော့အရမ်းကျွမ်းတယ် (ဟိဟိ.. ကြော်ငြာ) ။ နယ် မှာ အလုပ်လုပ် တုန်းက ခဏခဏ ကြော်စားတတ်လို့ပါ။ ကဲ ကြော်နည်းလေးပြောပြတော့မယ်နော်။ မေးမေးမမေးမေး ဇွတ်ကိုပြောပြတော့မှာ..၊ နောက်ရက်မစောင့်တော့ဘူး မေးတဲ့လူလေးရှိတုန်း.........
စပြီဗျို့........ တို့ကြော်တဲ့ ဘယာကြော်နည်း ကတော့....
၁။ ကုလားပဲဆံနဲ့ ဆိုရင် မနက်ကြော်မယ်ဆို ညထဲက ကုလားပဲကို ရေဆေးပြီးရေစိမ်ထားလိုက်။ ညကြော်မယ်ဆိုရင်တော့ မနက်ထဲကစိမ်ထားပေါ့။ ပြီးရင် ရေစစ်ပြီး ထောင်းစရာရှိရင်လည်းထောင်း၊ ထောင်းစရာမရှိရင်လည်း blender နဲ့ ကြိတ်လိုက်။
၂။နောက် ဆနွင်းမှုန့်၊ ဆား၊ အချိုမှုန့် နည်းနည်းဆီထည့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းကြိတ်ထားတာ ထည့်၊ ကြက်သွန်နီပါးပါးလှီးထားတာထည့်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးညှပ်ထည့် ပြီး အားလုံးရောနယ်လိုက်။ အားလုံးပြီးရင် ၅ မိနစ်လောက်ခဏလေးထားလိုက်။ ( ဆန်မှူန့်၊ ဂျူံမှူန့်၊ ကော်မှုန့် ထည့်စရာမလိုပါ)။
၃။ပြီးရင် ဆီအိုးတည်ပြီး ဆီပူလာရင် ကိုယ်လိုချင်သလို အလုံးလေး (သို့) အပြားလေးတွေ လုပ်ပြီး ကြော်လိုက်ပါ။ (အလည်ကို အပေါက်လေး ဖြစ်အောင် ဆယ်တဲ့အခါ တူလေးနဲ့ ထိုးဖောက်လိုက်၊ ဒါဆို အတွင်းသားလည်းကျက်၊ အပေါက်လေးနဲ့ ကြွတ်ကြွတ်လေး စားကောင်းတယ်။ မှတ်ချက် NN )
(နည်းနည်းတူးတာကတော့ NN လက်ရာမို့လို့ပါ သည်းခံပါ :D)
၎။ကြော်ပြီးသွားသောဘယာကြော်များအား မကျည်းသီး နဲ့ အချဉ်ရည်လေး လုပ်ပြီး စားရင် အရမ်းစားကောင်းပါတယ်ရှင့်။
(ဒီပုံကတော့ မTTsweetဘလော့က ကူးထားတာပါ။ ကိုယ်တိုင်လုပ်ထားတာ မရှိလို့ပါး)
မွှေး ဘယယကြော်မှုန့်နဲ့ ကြော်မယ်ဆိုရင် သူ့အညွန်း က မကြော်ခင် ၄၅ မိနစ်ရေစိမ်ထားလို့ ပြောပေမယ့် အဲ့ဒီအတိုင်းဆို နည်းနည်းမာတယ်။ တို့ကတော့ အပေါ်မှာပြောသလိုဘဲ မနက်ကြော်မယ်ဆိုညထဲက ရေစိမ်၊ ညကြော်မယ်ဆိုရင် မနက်ထဲက ရေစိမ်ထားလိုက်တယ်။
ရေကိုအများကြီးမထည့်နဲ့ ၊ ရေများသွားတဲ့အခါ ကြော်ရင် ကြွတ်ကြွတ်လေး မဖြစ်တော့ပဲ အကြော် ပျော့သွားလိမ့်မယ်။
ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကတော့ ကုလားပဲဆံနဲ့ ကြော်မှ ကိုယ့်ဘာသာထည့်ကြော်တာ။ မွေး အကြော်မှုန့် နဲ့ ကြော်တဲ့အခါ ထည့်ဖို့ မလိုဘူးလေ။ မွေးဘယာကြော်မှုန့်နဲ့ ကြော်တာ အလုပ်မရှုပ်ပေမယ့် ကုလားပဲဆံနဲ့ကြော်တာက ပိုစားလို့ကောင်းတယ်။
မှတ်ချက် ။ ။ ကြော်တဲ့အခါ တူးတာ မတူးတာ ကြော်သူ (ကျော်သူ မဟုတ်ဘူးနော်။ ဘယာကြော်ကြော်တဲ့သူကိုပြောတာ) ရဲ့ တာဝန်သာဖြစ်ပါတယ်။
ဘယာကြော် ကြော်နည်း လေးကတော့ ဒါပါပဲရှင့်..။ မရှင်းလင်းသည်များရှိပါက ဖုန်း ဆက်မေးမြန်းနိုင်ပါတယ်ရှင့်.. :D
NNရေ ... ပြောတာကြာပါတယ်ကွာနော်၊ ကိုယ်တိုင်ဘဲလာကြော်ကျွေးတောမယ်။ (စေတနာအရင်းခံဖြင့်)
Kလေး
............................
ဒါကတော့ K လေး ပြောပြသော ဘယာကြော် ဖြစ်ပါတယ်။ အားလုံး လုပ်စားကြည့်နော် :DDD
Wednesday, October 20, 2010
ရင်ထဲပူပြီး တကယ်စပ်တယ်
ငရုတ်သီးလက်ဆောင်ပို့သူ ငရုတ်မြိုင် ကို ကျေးဇူးတင်ကြောင်းပြောရင်း၊ တလက်စာထဲ ငရုတ်သီး သီချင်းလေးကို ကလစ်နှိပ်လို့ နားဆင်သွားနိုင်ပါတယ်။
အောက်က လသာညရဲ့ သီချင်းလက်ဆောင်ကိုလည်း နားဆင်သွားနိုင်ပါတယ်..ခမျာ.. :ok
နီနီ..ရှည်ရှည်လေး- သိပ်ကိုလှ..-:38
ပုံစံလေးက အရုပ်လေးအလား ထင်ခဲ့ရ..:kiss♪♪
ဒါပေမယ့်.. ကိုယ်လေ.. စားပြီးမှ :စိတ်ရှုပ်
ပြန်ထွေးထုတ်မရသလို အဖြစ်မျိုး :13 ♪♪
ရင်တွေပူနေပြီ အချစ်လေးရေ..:7
လူကိုဒုက္ခပေးကာရယ် လှည့်စားတယ်:17
အ၀င်အထွက်တွေ အကုန်- ပူလည်းကွယ်..:18
မရှောင်နိုင်သေးတော့ ခံလိုက်နော် (ခံလိုက်နော်)♪♪:109
ဒီငရုတ်သီး.....:sad
စားမိပြီ:42
ရင်ထဲပူပြီး တကယ်စပ်တယ်.. :17♪♪
 မရှောင်နိုင်သေးတော့ ခံလိုက်ကွယ်--(ခံလိုက်ကွယ်):12
(မမမြိုင်) တော်တော်ဆိုးတယ် .. (တော်တော်ဆိုးတယ်.).♪♪:o
ငရုတ်မြိုင် မီးငယ်လေး သက်တော်ရာကျော် ရှည်ပါစေ....:lol::lol::lol:
Tuesday, September 7, 2010
ဂျပန်နိုင်ငံမှ ဒံပေါက်
။။။။။
အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတာတွေနဲ့ ဘလော့မရေးနိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။။ ဒီပိုစ်မှာ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ပါ အဆင်ပြေအောင် ရေးပေးဖို့ စဉ်းစားမိတယ်။
ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ
၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
၎- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အထုတ်သေးသေး ၂ ခု
၅- ဒံပေါက်မဆလာ (တို့တော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
၈-ကရဝေး ၆-ရွက်၊
၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)
တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။
ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။
အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။
ထောပတ်-
ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)
ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။
နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။
အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။
လုပ်နည်း..
တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။
၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။
၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))
၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။
၎) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။
၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))
၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။
၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။
ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။
၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။
၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။
၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))
အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။
မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။
ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။
လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။
Sunday, August 29, 2010
ဒေါ်နု ဒံပေါက်
စားချင်စဖွယ် 
ကဗျာဆန် တဲ့  ထမင်းဝိုင်း ပြင်ဆင်ပုံ..P
ဒံပေါက်မစားခင်
မိဆိုးလေး မလတ် ပီပီ နဲ့ မထား တို့ အတွက် လက်သစ်ဒေါ်နုဒံပေါက်ပါ။အော်ဒါလက်ခံနေပါတယ်ရှင်။
တစ်ချိန်က ပစ်ထည့် ဟင်း များကိုအားပေးခဲ့ တဲ့ 
ရွှေအိ
Monday, July 26, 2010
Let's cook မြီးရှည်
ပါဝင်ပစ္စည်းများ
၁။ အူဒုံခေါက်ဆွဲဖတ်နှင့် ပဲပင်ပေါက် (ရောပြုတ်ထားတယ်)
၂။ ၀က်သားပြုတ်ကြော်
၃။ ရှောက်ကောပတ်ကောလို့ခေါ်တဲ့ တရုတ်မဆလာ အမွှေးအကြိုင် ဆီချက်
(ဒါကတော့ ဗမာနိုင်ငံကပစ္စည်း) ဒီကတရုတ်ဆိုင်တွေမှာ ရှာကြည့်ကြပါ။
၎။ ကြက်သွန်ဖြူ ဆီချက်
၅။ ကြက်သွန်ဖြူတောက်တောက်စင်းနဲ့ ရှာလကာရည်
၆။ ကော်ရည် (ကော်မှုန့်ကို ရေများများနဲ့ ဖျော်၊ ဆား သကြား ထည့်ပြီး ကြိုပါ)
၇။ ပဲငပိအငန် (အမည်းရောင် ပဲငပိ) (Black Tobanjan )
၈။ ငရုတ်သီးကြော်
၉။ ဂျုံကြော်
၁၀။ ကြက်သွန်မြိတ်
အဲဒါတွေအားလုံးကို ပြင်ဆင်ပြီး အခုလို နည်းနည်းစီထည့်၊ ပွဲပြင်လိုက်ပါ။
ကဲ.. စားလို့ရပြီ။ (ဒီတစ်ခေါက် လုပ်စားတာ တော်တော်စားလို့ကောင်းတယ်..ဟိဟိ
စားလို့ကောင်းတော့ တယ်ရင်းတို့ကို တစ်ကယ်သတိရပါတယ်)
လွမ်းနေတဲ့ကြီးဖော်ငယ်ဖော်များ...အလုပ်ရှုပ်ပြာယာခတ်နေသူများ...၀ိတ်တက်လို့
ဒိုင်းယက် လုပ်ချင်ယောင်ဆောင်နေသူများ...ဥပုဒ်ကျိုးသွားသူများ... မြီးရှည်စားချင်သူများ...
အားလုံး အားလုံး တစ်ခန်းရပ်ပြီး ...အားပေးသွားကြပါအုန်းနော်။ ;))) :D
တရုတ်ဟင်းခတ် အမွှေးအကြိုင် (နောက်က အထုတ်က ဂျပန်က တရုတ်ဆိုင်က၊ ရှေ့က ဟာလေးတွေက ဗမာပြည်ကပါ)
ကော်မှုန့်
မီးငယ်လေး လျှောက်ချက်သည်။
Monday, July 19, 2010
ဒန်ပေါက် ဟု ခေါ်သည်
အစ
အလယ်အဆုံးအား.ဟား.. စား ကောင်းဒယ် ...
ခူးခူး ခလော... (--)/
Saturday, July 3, 2010
ဆမူဆာနဲ့ ပလာတာ (ထပ်တရာ)
အစားကောင်းလေး ရှိရင် ချစ်သူများကို သတိရတယ်တဲ့...။ အခု ဆမူဆာနဲ့ ပလာတာ စားနေလို့ ချစ်သောသူ ပူတူးများကို သတိရလို့.. ။ လာစားပါဦး..။
ထုံးစံအတိုင်း အစဉ်အလာ မပျက်အောင် ဆမူဆာက နည်းနည်းတူးသွားတယ်။ ပလာတာ (မန္တလေးကတော့ အဲဒါ ထပ်တရာလို့ ခေါ်တယ်) ကတော့ စားကောင်းရုံပဲ။
ကော်ဖီက နို့မှုန့်နဲ့ အသဲပုံဖော်တာ ဖော်မရပဲ မြင်တဲ့အတိုင်း..းP
ဆမူဆာနဲ့ ထပ်တရာ လုပ်နည်း မပြောရင် ကွန်ပလိန်းတက်မှာစိုးလို့ (အထူးသဖြင့် ဗက်ဆာ) ရေးပေးမယ်နော်။
၁။ တိုကျိုကို အောက်က တံဆိပ်များကို လှမ်းမှာသည်။
(ဆမူဆာ ရယ်ဒီမိတ်အထုတ်ဖြစ်၏....)
(ထပ်တရာ ရယ်ဒီမိတ်အထုတ်ဖြစ်၏...)
၂) အထုပ်ဖောက်ပြီး ဆီအိုးထဲ ထည့်ကြော်လိုက်သည်။ ၁ မိနစ်ခွဲလျှင် ကျက်ပြီး ဖြစ်၏.. ဒန့်တန့်တန့်...
လက်ရာမြောက် တူးတူးလေးများကို စားချင်သည် ဆိုပါက အိုခရာမကို ကြွခဲ့ပါ..။ လက်ရှိအခန်းအနေအထားကတော့ အောက်ကပုံအတိုင်း သန့်ရှင်း သပ်ရပ်စွာ ရှိနေပါတယ်။
စေတနာသာ အဓိကပါ..နော်။ လာမယ်ဆို ကြိုနေတယ်..။
လသာည ဖြစ်ပါတယ်..