Thursday, July 1, 2010

Let's cook အုန်းနို့ခေါက်ဆွဲ

နိဒါန်း။ ။ ဟင်းချက်နည်းအကြောင်းမစခင် ထုံးစံအတိုင်း နိဒါန်းပျိုးလိုက်အုန်းမယ်။

အင်ဒိုနီးရှားသူငယ်ချင်းတစ်ယောက်က မီးငယ်လေး ဖေ့ဘွတ်မှာတင်ထားတဲ့ ဟင်းတွေကိုကြည့်၊ အထင်တွေ ကြီးပြီး ဟင်းချက်နည်း ဘလော့ရေးပါလားတဲ့။ သူကလဲ အိမ်ထောင်ကျသွားပြီးမှ ဟင်းချက်နည်းတွေ စိတ်ဝင်စားပြီး ဘလော့ရေးနေလေရဲ့။ မီးငယ်လေးကလဲ ဟင်းသာချက်နေတာ စနစ်တကျသိပ်ရှိတာမဟုတ်၊ စားချင်တာတွေ ကြံဖန်ချက်ပြီး ဖေ့ဘွတ်မှာ တင်ကြွားနေတာဆိုတော့ ..မြန်မာလိုပဲ ဘလော့ရေးတတ်တယ်၊ အင်္ဂလိပ်လို ရေးဖို့အင်္ဂလိပ်စာပြန်လေ့လာရအုန်းမယ်.. ဆိုပြီး ငြင်းထားရတယ်။ :D

ဒါပေမဲ့ အခုတော့ ဟင်းချက်နည်းကို စတင် စိတ်ပါဝင်စားလာပြီး သူများတွေကို ချက်ကျွေးချင်နေတဲ့ တယ်ရင်းအတွက် (ဟိဟိ... နောက်ပြီး ကိုယ့်ကို ဆရာတင်ထားလို့) ဂျပန်မှာ ဟင်းချက်နည်းကို စတင်ပြီးရေးလိုက်ပါပြီ။။ :P

အုန်းနို့ခေါက်ဆွဲ

ဟင်းချက်နည်း အကြောင်းရေးတဲ့ ၀က်ဆိုဒ်တွေ ဘလော့တွေမှာလဲ ရှိပြီးသားမိုလို့ ဂျပန်မှာ ၀ယ်လို့ ရတဲ့ Ingredients တွေနဲ့ပဲ ချက်တဲ့ နည်းကို ပြောပြမယ်နော်။

လိုအပ်သော ပစ္စည်းများ

(လူ ၁၀ ယောက်မှ ၁၂ ယောက်စာ)

၁။ ကြက်သား 1kg ဆိုရင် ရတယ်။ ကြက်ရိုးပြုတ်ရည်က အရသာ ပိုချိုတော့ ကြက်ကောင်လုံး ၁ ကောင်ပဲ ၀ယ်လိုက်ပါ။

၂။ ဂျင်း တစ်ထုတ်၊ ကြက်သွန်ဖြူ ၁ လုံး ၊ ကြက်သွန်နီဥကြီး ၂ လုံး

၃။ ကြက်ဥ ၁၀လုံး၊

၎။ Pasta ခေါက်ဆွဲခြောက် (မုန့်ကြွတ်ကြော်ဖို့) ၁ ထုတ်

၅။ ကုလားပဲ

၆။ Kinako ပဲမှုန့် (ကုလားပဲ ၀ယ်လို့ မရရင် ထည့်ဖို့) ၂ ထုတ်

၇။ အုန်းနို့ ၁ ဗူး

၈။ ခေါက်ဆွဲ (Yakisoba ခေါက်ဆွဲကို သုံးတယ်။ အထဲက အမှုန့်ထုတ်တွေကို လွှင့်ပစ်တယ်)

အထုတ်သေး ၃ထုပ်ပါတဲ့ ခေါက်ဆွဲထုပ် ၄ ထုတ်

၉။ ကြက်သွန်မြိတ် ၁ စည်း

၁၀။ ငံပြာရည် (Nanpala)

၁၁။ lemon ၃ လုံး

၁၂။ သကြား၊ ဆား

၁၃။ ဂေါ်ဖီထုတ် သေးသေးပါးပါးလေးတွေ လှီးပြီးသား အထုတ် ၂ ထုတ်

(သူတို့တွေက ကြက်သွန်နီ အစိမ်းမကြိုက်မှာစိုးလို့ အဲဒါအစား ထည့်တာ)

ပုံ။ ပါစတာခေါက်ဆွဲခြောက်နဲ့ Kinako ပဲမှုန့်ထုတ်

(၂)နာရီလောက်အတွင်း ချက်ပြီးတဲ့ နည်း

ကုလားပဲနဲ့ ချက်မယ်ဆိုရင် ကုလားပဲကို တစ်ညရေစိမ်ပြီး ကြိုပြုတ်ထား။ Mixer or ဘလင်ဒါ နဲ့ မွှေထားပါ။

၁။ ကြက်ဥ ၁၀လုံးကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး ပြုတ်ပါ။

၂။ ပထမဆုံး ကြက်ကောင်လုံးကို တစ်ခြမ်းခြမ်း ပြီးပြုတ်ပါ။ မြန်မြန် ကျက်အောင်လို့ ။ ၄ ပိုင်းလောက် ပိုင်းနိုင်ရင်လဲ ပိုင်းပေါ့။ မီးငယ်လေးကတော့ ကြက်ကို ပိုင်းဖို့ အင်အားမရှိလို့ ကြက်အသားချည်း 1kg ၀ယ်။ ဒီကစူပါမှာက ကြက်ကောင်လုံး အရိုးချည်းကို ၆၈ ယန်းလောက်နဲ့ ၀ယ်လို့ရတော့ အဲဒီအရိုးကို ၀ယ်တယ်။ အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ ထုထားတာ၊ ဆား၊ ငံပြာရည်ထည့်ပြီး ပြုတ်ပါ။ ကြက်သားက တစ်အားနူးစရာမလိုတော့ ရိုးရိုးအိုးနဲ့ ပြုတ်ရင်လဲ ရတယ်။

၃။ အဲဒါတွေ ပြုတ်ထားတုန်း ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို သေးသေးလေးတွေဖြစ်အောင် စဉ်းထားပါ။

၎။ ကြက်သွန်မြိတ် နဲ့ လီမွန်သီးကိုလဲ လှီထားပါ။ ခေါက်ဆွဲဖတ်တွေကို ဖွထားပါ။

၅။ အဲဒါတွေလုပ်ပြီးတဲ့ အချိန် ကြက်ဥပြုတ်က ရလောက်ပြီ။ ဆယ်ပြီး အအေးခံထား။

၆။ မိနစ် ၂၀လောက်ရှိပြီ ထင်ပါ့။ ကြက်သားပြုတ်ကို ဆယ်ပြီးအအေးခံထား. ။

၇။ ဆီဒယ်အိုးတည်ပြီး ပါစတာခေါက်ဆွဲခြောက်တွေကိုကြော်ပါ။

၈။ ကြက်သားအေးပြီ။ အတုံးသေးသေးလေးတွေဖြစ်အောင် လက်နဲ့ ခွာထားပါ။

၉။ ဆီဒယ်အိုးကို ပူအောင်ပြန်တည် (ဆီများနေရင်ခပ်ထား) ၊ စင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီးကြော်၊ အရောင်တင် ငရုတ်သီးမှုန့်ထည့် (အရောင်ပိုလှချင်ရင် နည်းနည်းပိုထည့်)၊ ကြက်သွန်ဖြူနီကြော်က အရောင်နဲနဲ ပြောင်းလာရင် ခွာထားတဲ့ ကြက်သားတွေထည့်ကြော်၊ ငံပြာရည် နည်းနည်းထပ်လောင်းပြီး ကြော်၊

၁၀။ အသားပြုတ်ရည်အိုးကို မီးဖိုပေါ်ပြန်တင်ပြီး ဂျင်းဖတ်တွေကိုဆယ်ပစ်။ Kinako ပဲမှုန့် သုံးမယ်ဆိုရင် ရေနဲ့ ဖျော်ထားပါ။

၁၁။ အရည်ပြန်ပူလာရင် ကြော်ထားတဲ့ ကြက်သားတွေလောင်းထည့်။ ကုလားပဲနှစ်တွေကို ရေဖျော်ပြီးထည့်။ (OR ) ကုလားပဲ မသုံးဘူးဆိုရင် တော့ Kinako ပဲမှုန့် ရေဖျော်ထားတာကို လောင်းထည့်။ မွှေပေးပါ။

၁၂။ ဆူလာပြီဆိုရင် အုန်းနို့ထည့်ပါ။ သကြား နဲ့ ဆား၊ ငံပြာ၇ည်သင့်ရုံ ထပ်ထည့်ပါ။ အပေါ့ အငံမြည်းကြည့်အုန်း။

၁၃။ ဆူပြီဆိုရင် ၅ မိနစ်လောက်ထပ်တည်ထားအုန်း။ အဲဒီအချိန်မှာ ကြက်ဥ ခွာပြီး တစ်ခြမ်းစိတ်ထား။

၁၄။ အချိန်ရမယ်ဆိုရင်တော့ ခုနကဖွထားတဲ့ ရာခိစောဘ ခေါက်ဆွဲဖတ်တွေကို ရေနွေးနဲ့ ခဏပြုတ်၊ (OR) မိုက်ခရိုဝေ့ဖ်မှာ အပူပေး။ (ဒီတိုင်းဆိုရင် နည်းနည်းမာမယ်ထင်လို့ )၊ ဒီအတိုင်းလဲ ဟင်းရည်ပူပူနဲ့ဆိုရင် စားလို့ ဖြစ်ပါတယ်။

ကဲ ပွဲပြင်လို့ ရပြီ။

မီးငယ်လေးကတော့ Lab မှာ ဒီအတိုင်းပဲ ချက်ကျွေးဖူးတယ်။ International Festival မှာလဲ Kinako အမှုန့်နဲ့ ဒီနည်းအတိုင်းပဲ ချက်ဖူးတယ်။ မိဆိုးလေးကို မေးကြည့်။ ရှယ်ပဲ။

သူတို့ဂျပန်တွေကတော့ အိုအိရှိး အိုအိရှီး တဲ့..

ဒီပုံကတော့ အိုခစန်တို့ကို ချက်ကျွေးတုံးကပုံ။ :ဒီမှာ အူဒုံစားရင် ထည့်စားတဲ့ အကြော်လေးတွေနဲ့ ခေါက်ဆွဲခြောက် ကြော်ပြီးသား ရှာတွေ့လို့ အဲဒါတွေ သုံးထားတယ်။ ခေါက်ဆွဲခြောက်ကြော်ပြီးသား ရှာလို့ ရရင် ပါစတာခြောက်ကို ကြော်စရာမလိုတော့ အလုပ်ရှုပ်သက်သာတာပေါ့။

ဒီလောက်နဲ့ ပြည့်စုံပြီထင်ပါ့။ လိုအပ်တာရှိရင်လဲ မှာစားပေး...အဲအဲ..မှာကြားပေးသွားကြပါအုန်းနော်။

မီးငယ်လေးပစ်ထဲ့ချက်သည်။

7 comments:

Wasser said...

Thanks Sis.
By the way, one friend of mine would like to have Chicken ... something... of Latharnya. She didn't write. Can u force her to write it or---- :D :D :D

လသာည said...

အဟမ်း အဟမ်း
ဟွန်း ဗက်ဆာ..နော်။ ငါ့ဘာသာ ဖြစ်သလို ဟော်တယ်တက်စားနေတာကို မနာလို မဖြစ်နဲ့လေကွယ်းD

အဟဲ မီးငယ်လေး သိပ်တော်တာပဲ..။ တို့လည်း စဉ်းစားနေတာ ဒီလ lab ကလူတွေကို တစ်ခုခု ကျွေးရမှာ ဘာကျွေးရင် ကောင်းမလဲ လို့..။
အတော်ပဲ ဒါလေးပဲ လုပ်ပေးလိုက်တော့မယ်။ လုပ်လို့ ကောင်းသွားရင် အဲဒါ ငါလုပ်တာလို့ ပြောလိုက်ပြီး မကောင်းရင်တော့ သင်တဲ့ဆရာမက သေချာမသင်လို့ ဖြစ်တာလို့ ပြောလိုက်မယ် ပြီးရော..နေား))))

အင်း.. ပြောလို့တော့ မရဘူး။ ဒါမျိုး မကြာခဏတင်ပေးကြရင် ငါလည်း စားချင်စိတ်များလာပြီး လိုက်လုပ်ဖြစ်ရင် ဟင်းချက်တော်လာနိုင်တယ်။

ဟင်းချက်ကျွမ်းသူများ များများတင်ပေးပါရန် တောင်းဆိုပါ၏..

မိဆိုးလေး said...

ရှေ့ နေမင်းပါ..။ မီးငယ်လေးချက်သော ဟင်းအားလုံး ဂွတ်တယ် ခည။ ချက်မကျွေးတော့မှာစိုးလို့ ပါ..။ :P

Anonymous said...

မိဆိုးလေး ချက်သော ဟင်းများ၊ မုန့်များ အားလုံး စားကောင်းသည်။
မုန့်လက်ကောက်ကြော်၊ ကတိုးဝကြော်နည်း တင်ပါရန်။

ဗက်ဆာမှန်၏။။ ဟင်းပုံ တင်လျှင်ဟင်းချက်နည်း ပါတင်သင့်ပါ၏
ဟိဟိ..လစ်ပီ။ :P:P

ပုံ။ Meengelay

ထား said...

ချက်နည်းသစ်လေး မှတ်သားသွားပါ၏။
ကျေးဇူးနော် မီးငယ်လေး။

ချစ်တဲ့

ထား

Anonymous said...

မီးငယ်လေးရေုကည့် ရတာအရသာတော်တော်ရှိမဲ့ ပုံပဲ။


လသာညလည်းချက်တတ်တယ် ပဲဟင်းနဲ့ တူသော......

အိစံတို့ ကိုလည်းချက်ကျွေးပါအုန်း


လသာည said...

ဟွန်း.. အိစံ ..။ ငါ့ အုန်းနို့ခေါက်ဆွဲ လွမ်းရင် လွမ်းတယ်ပြော..။ အဲဒါ လူတိုင်းစားရတာ ဟုတ်ဖူး။ ကံကောင်းမှ စားရတား))

ဒါနဲ့ အိစံ အခုတလော အိစံရဲ့ ရရစ်တွေ ဘယ်လိုဖြစ်တာလဲဟင်။ ကွန်ပျူတာပျက်သလား၊ လူကပဲ လက်ပျက်သလား..။ ရရစ်အကြီးက control+M လေ။ ညိုချို့တောင် သတိရသွားတယ်။