Wednesday, January 19, 2011

ကင်မ်ချီနှင့် ပိန်ပါ့မလားဟင်။

ဆိုင်က ကင်မ်ချီဝယ်လာပြီးစားတယ်။ ဂျပန်စတိုင်မဟုတ်ပဲ ကိုးရီးယားစတိုင်။ စားလို့မ၀ဘူး။ :P :P
အဲဒါနဲ့ ယူကျူဘ်မှာ လုပ်နည်းရှာတယ်။ ဒီနည်းလေးနဲ့လုပ်မယ် ဆုံးဖြတ်တယ်။


လိုအပ်တာတွေ ၀ယ်တယ်။ နရှိက နရှိ (သစ်တော်သီးက မရဘူး။) အဲဒါနဲ့ ရိုးရိုး Pear ပဲဝယ်လိုက်တယ်။

မုန်ညင်းဖြူထုပ်ကို အဆောင် ထမင်းစားခန်းမှာ စလှီးတော့ ဘေးနားမှာ ၀ါးတီးဖွင့်နေတဲ့ ကိုးရီးယန်း ချာတိတ်မ နှစ်ယောက်က သူတို့ကင်မ်ချီတွေ ထုတ်ကျွေးတယ်။ ကိုးရီးယန်း အမေတွေ လုပ်ပေးလိုက်တဲ့ ကင်မ်ချီတွေကို တ၀ တပြဲ စားလိုက်ပြီးတော့ (အတော်ကြိုက်တယ်။ ကိုးရီးယန်းစတိုင်ကို ပိုကြိုက်တယ်။) ကြက်သွန်နီ ထည့်လားလို့
မေးတော့ ဟင့်အင်းတဲ့။

အဲဒါနဲ့ ကိုယ့်ကင်မ်ချီကိုတော့ ကြက်သွန်နီ ထည့်မလုပ်လိုက်ဘူး။ အသီးတွေက သေးတော့ ပန်းသီးရော သစ်တော်သီးရော တစ်လုံးလုံး။ ထည့်ရတယ်။

ဆားရည်စိမ်ပြီးအိပ်လိုက်တော့ ယူကျုဘ်က ပြောသလို နှစ်နာရီလဲမက ။ လုလု ပြောသလို လေးနာရီလဲ မက ဖြစ်သွားတယ်။ ကင်မ်ချီ မပျက်လို့ တော်တော့တယ်။ ရေကို နှစ်ထပ်ပဲ ဆေးပြီး ဇကာထဲမှာ ခန ဖိချလိုက်တယ်။ ကိုယ့်အားလေးနဲ့ ဖိသိပ်ပြီး ရေနည်းပါစေကြောင်း ကြိုးစားတယ်။

ကင်မ်ချီကို နယ်တယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းနဲ့ များနေတာ သတိထားမိပေမဲ့ များများလေး ထည့်လုပ်ကြည့်မယ် လို့ဆုံးဖြတ်တယ်။ ဗူးကြီး ၂ဗူးရတယ်။ ငြုတ်သီးမထည့်ပဲ အဖြူလုပ်လိုက်တယ်။

ကျောင်းခန်းထဲ ထားတော့ ၁ ရက်အကျော်မှာ ကိုယ့်စိတ်ကြိုက်ရပြီမို့  အိမ်ပြန်သယ်ပြီး ၀ရန်တာထုတ်ပြီး အချဉ်မပေါက်အောင် အေးထားမယ် လုပ်တယ်။

အိုကီနာဝါ သူငယ်ချင်းက တွေ့တော့ စားမယ် လုပ်တယ်။ သူ့ဘာသူ နှစ်ခါ ထပ်ထည့်စားတယ်။ အူမအိ။ လို့ပြောတော့ သူ့ရှေ့က ကျောင်းသားပါ လာယူစားတယ်။ ဗမာပြည်ပြန်ရင် ကင်မ်ချီဆိုင် ဖွင့်ရင် ကောင်းမလားပဲ။ :D :D

လုပ်နည်းတစ်ခုထဲကလို လမ်းကြုံရင် ဆန်နှစ်ကျိုလေးနဲ့လဲ လုပ်စမ်းမယ်အောင့်မေ့တယ်။ စားကောင်းမှာပဲလို့ ထင်နေတယ်။ နောက်တစ်ခါတော့ ကိုးရီးယန်း စတိုင် ငြုတ်သီးတွေနဲ့ ရဲ နေအောင် လုပ်မယ် ဆုံးဖြတ်ထားတယ်။

(စာရေးနေတုန်း --- ၀ိတ်လျှော့ပါမယ်။ ညစာ မစားပါဘူးဆိုနေမှ ဇူးဌာနက ကျောင်းသူတစ်ယောက်က အင်ဒိုနီးရှားက ၀ယ်လာတဲ့ ဒူးရင်းသီး မုန့်ကုလားမဲ လာကျွေးလို့ စားရပြန်တယ်။ ဒါပေမဲ့လဲ မစားရတာ ကြာတော့ စားကောင်းလိုက်တာ။ ဒါပေမဲ့ ထားဝယ်က အုန်းသီးနိုင်းချင်းနဲ့လုပ်တဲ့ မုန့် ကုလားမဲက ပိုစားကောင်းသလား အောင့်မေ့မိတယ်။ အင်ဒိုနီးရှား မုန့်ကုလားမဲက ထားဝယ်မုန့်ကုလားမဲထက် ဆန်ကြမ်းလဲ ပိုများသလားလို့။
အင်း။။--- မန္တလေး မြင့်မြင့်စန်း ထိုးမုန့်လဲ စားလို့ သိပ်ကောင်းပါတယ်လေ။ :D :D (ဒီလူတော့ -- ပိန်ဦးမယ်။ )

10 comments:

Anonymous said...

မလတ်ရေ....


လုပ်ပြီးရင် တင်လိုက်အုန်း...

စားသာစား...

ရွှေအိ

ထား said...

ဗက်ဆာရေ တစ်ယောက်ထဲ မစားကြေးလေနော်... လက်တို့ဦးလေလို့...

ချစ်တဲ့

ထား

Wasser said...

ရွှေအိကြီး။
ကင်မ်ချီက စားလို့ တစ်ဗူးတောင်ကုန်နေပြီရော။ :D :D
စားသာစား။ ပြီး ဘယ်သူ့မှ အားမနာပဲ ၀--- အဲလိုလား ရွှေအိကြီး။ :D :D
ထားညီမ။
နောက် အပြင်သွားတဲ့ ရက်နဲ့ ကြုံရင် ထားကို လာပေးဦးမယ်။ :D :D
လုပ်ကြည့်ပါလားထားရဲ့။ မိသားစုနဲ့  စားရမှာ ပျော်စရာကြီးကို။

အယ်ချူပ် said...

လုပ်ရမှာပျင်းတယ်ဆို..
လုပ်ကျွေးသူပဲ မျှော်တယ်း))

Wasser said...

ဒါထက် ဟီရိုရှီးမားနဲ့ အိုခါးယာမ နီးလားဟင်။ ၁၉ ရက်နေ့ ဂတ်ကိုင်းသွားရမှာဆိုတော့ ဆရာခွင့်ပေးရင် အယ်ချုပ်ဆီ တစ်ရက်လောက် သွားရှုပ်ရရင် ကောင်းမယ်။

Meengelay said...

ကင်မ်ချီက မ၀လောက်ပါဘူး။ စားသာစား.အသီးအရွက်ဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ :P

Anonymous said...

ဗက်ဆာ.. နောက်လ ၁၉ ရက်လား။ ရတယ်လာခဲ့..။ ငါလည်း သီးစ်တင်ပြီး presentation လည်းပြီးပြီ။ အေးအေးဆေးဆေး လာလည်လေ။ ဟင်းအများကြီး ချက်စားတာပေါ့း)))

Wasser said...

အဲလိုလေး အားပေးပါဦး မီးငယ်လေးရဲ့။
ဝိတ်ကျချင်လိုက်တာနော်။
ကျေးဇူး။ အယ်ချုပ်။ လာရင် ဟင်းတွေပဲ ချက်စားကြတာပေါ့။
စိတ်ကလဲ ပိန်နေတာနဲ့။ စိတ်ပြေလက်ပျောက် အိုခါးယာမ အရောက်သွားပါဦးမယ်။

မီးငယ်လေး said...

ဟေး..ဗက်ဆာ
အယ်ချုပ်ရဲ့ ဒန်ပေါက်မစားရပဲ ပြန်မလာနဲ့နော်

Anonymous said...

လာတဲ့သူကို ဒန်ပေါက်ကတော့ ကျွေးရမှာပေါ့..

လာသာ လာပါး)))