Wednesday, January 19, 2011

ပြာသိုလပြည့် အမေနေ့ ..။



အမေ.....။

အမေနေ့ ကိုရောက်တိုင်း၊
အမေ့မွေးနေ့ ရောက်တိုင်း၊
မောင်နှမတွေ မွေးနေ့ ရောက်တိုင်း၊
အမေ့ကို ခါတိုင်းနေ့ တွေထက်
ပိုပြီး လွမ်းဆွတ်မိတယ် အမေ..။

လောကအလယ်မှာ
သားသမီးတွေ လူပုံအလယ်
တင့်တယ်စေဖို့ 
အမေ ကြိုးစားရုန်းကန်ခဲ့ရတဲ့ရက်တွေ
ပြန်လည်သတိရမိပါတယ် အမေရယ်..။

ဘယ်မိဘမဆို
ကိုယ့်သားသမီးကို
ကြီးကျယ်မြင့်မြတ်တဲ့ဘဝကို
ပိုင်ဆိုင်စေချင်ကြမှာပါ..။

ငယ်ငယ်တုန်းက
အမေ့တန်ဖိုးကို
သိပ်ပြီးနားမလည်တတ်ခဲ့ပေမယ့်
လူ့ လောကအလယ်
ဖြတ်သန်းကြီးပြင်းချိန် ကြာမြင့်လာတာနဲ့ အမျှ
အမေ့တန်ဖိုးကို
ပိုလို့  နားလည် တန်ဖိုးထားတတ်ခဲ့တာကို
သမီးဝန်ခံပါရစေ...။

အမေရဲ့ ဘဝလမ်းတစ်လျှောက်
ပင်ပန်းခဲ့တဲ့အချိန်တွေ
အပန်းဖြေနားနေဖို့ 
အချိန်ကို ရောက်ခဲ့ပြီမို့ 
အမေ လေးစားချစ်ခင်တဲ့ အဖေရယ်
အမေတန်ဖိုးထားချစ်တဲ့သားသမီးမြေးတွေနဲ့ အတူ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေ ပြည့်စုံလို့ 
နောင်နှစ်ပေါင်း များစွာတိုင်
ဆက်လက်လျှောက်လှမ်းသွားကြမယ်နော်..။

အမေချစ်တဲ့သမီး

4 comments:

Wasser said...

သာဓု၃။ မိဆိုးလေး။

Anonymous said...

မိဆိုးလေးရေ...


ရိုးရိုးလေးနဲ့ တကယ်ကောင်းတယ်

အိစံ

ထား said...

မနေ့က အမေများနေ့ ဗုဒ္ဓဟူးနေ့နဲ့လဲ တိုက်
ဆိုင်နေလေတော့ အားပါးတရ အမေနဲ့ စကား
တွေ ပြောလိုက်ရတယ်...အမေ ဒီနေ့ အမေနေ့
ဆိုတော့ အမေ ဘာလိုချင်လဲလို့ မေးတော့
အမေက သမီးတို့ မိသားစု နေကောင်းရင်
ပြီးတာပါပဲ ...ကျန်းမာရေးဂရုစိုက်...မြေးကြီး
ရော မြေးလေးရော သားရော စုံနေတာပဲ
မေးပြီး အစစဂရုစိုက်ဖို့ မှာနေတယ်...မေးတာ
ကတခြား ဖြေတာကတခြားဖြစ်နေတော့...
ဩော် အမေဆိုတာ ဒီလိုပါ့လား... လိုချင်မှု
ဆိုတာ မရှိ...သူကပဲ ပူပန်မှုတွေနဲ့ ဖုန်းကဒ်
သာကုန်သွားတယ်...လိုချင်တာ မသိလိုက်ရ
ဘူး...နောက်ဆုံး ဖုန်းချခါနီး အမေ သမီး
ဦးတော်လုပ်မယ်နော် လို့ ပြောပြီး ဦးတော်
လုပ် ဆုပေးစကားတွေ နားထောင်ပြီး ဖုန်း
ချလိုက်ရတယ်...အမေများနေ့မှာ အမေ့စကား
သံ ကြားလိုက်ရလို့ ကြည်နူးမိသလို မိဆိုး
လေး ကဗျာလေးကို ဖတ်လိုက်ရတော့လဲ
ထပ်ဆင့်ပြီး ကြည်နူးလိုက်ရတယ်...
ကျေးဇူးပါ မိဆိုးလေးရေ.....

ချစ်တဲ့

ထား

အယ်ချူပ် said...

ရင်ထဲကို တအားထိရှတဲ့ ကဗျာလေးပဲ..

အခုလို ရေးဖွဲ့တင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် <3