၂၀၁၀ ဒီဇင်ဘာ ၃၁ မနက်။
------------
အိမ်ကထွက်တော့ လေးနှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဖူကူအိုကာရဲ့ လမ်းတွေ၊ လမ်းဘေးမြောင်းတွေမှာ ကောင်းစွာခဲနေသော ရေခဲများကို တွေ့ရတယ်။ လက်အိတ်က ၂ ထပ်။ အနွေးထည်တော့ ဘယ်နှစ်ထပ် ထပ်မိမှန်း မစဉ်းစားတော့ဘူး။ မျက်နှာလေး တစ်ကွက်တင်ကို တော်တော် အေးနေခဲ့တယ်။
---
ကျွန်းဦးကျောင်းရှိရာ တောင်ပေါ်ကို စတက်တော့ နှင်းလေက ပြင်းပြင်းထန်ထန် တိုက်နေတာကို တွေ့ရတယ်။
ချယ်ရီပင်တွေက ယိမ်းထိုးနေခဲ့တယ်။ အချို့နေရာတွေမှာ သစ်ကိုင်းတွေ ကျိုးကျနေခဲ့တယ်။ တယ်လီဖုန်းက ဘက်ထရီ ကုန်နေတယ်။ စိတ်ပူပေမဲ့ မကြောက်ခဲ့ဘူး။ သစ်ပင်ပိလဲ ငါသေရုံပဲ လို့ တွေးမိတယ်။ လောကမှာ သေခြင်းထက် ဆိုးသော အရာတွေ ရှိနေသေးတယ်လေ။ ----
တစ်ယောက်တည်းပေမဲ့ ကြောက်စိတ်မ၀င်ခဲ့တော့ဘူး။ အထီးကျန်ခြင်းဆိုတာကိုလဲ မခံစားရဘူး။ တစ်ခါတစ်လေ လူအများကြားထဲမှာ အထီးကျန်နေတတ်ပေမဲ့ တစ်ခါတစ်လေ တစ်ယောက်တည်းလဲ အထီးကျန်တယ်လို့ မခံစားမိဘူး။
အပြင်က လေပြင်းက အချို့ လူတွေ ဖန်တီးတဲ့ လေပြင်းလောက်တော့ မပြင်းပါဘူးကွယ်။ အပြင်က ရေခဲမှုန်တွေ သယ်လာတဲ့ လေဟာ အချို့လူတွေ ဖန်တီးတဲ့ အေးစက်တဲ့ လေတွေလောက် မတောင့်တင်းစေပါဘူးကွယ်။ --- အဲလို သတိရမိလိုက်တယ်။
----------------------------------------
မာတုဂါမ ခေါ်သံကြားတော့ ဘုန်းကြီးက -- ဘုရားခန်းကို သွား--- လို့ အသံပြုတယ်။ ဘုန်းကြီးကျောင်းကို မာတုဂါမ တစ်ယောက်တည်း မသွားသင့်ဘူး ဆိုတာ နားလည်ပေမဲ့ အဖော်မခေါ်ချင်၊ အခြားသူတွေနဲ့လဲ မဆုံချင်၊ ဘုန်းကြီးကျောင်းလဲသွားချင်နေသူက ရွေးချယ်စရာ မရှိခဲ့ဘူး။
ဘုန်းကြီးကို ၀တ်ပြုပြီး နေလွဲနေပြီမို့ စားစရာတွေကို မကပ်ပဲ ထားသင့်တဲ့နေရာတွေ ထားရတယ်။
တတ်သလောက် မှတ်သလောက်ချက်ထားတဲ့ ၀က်သနီချက်၊ ၀က်သားနဲ့ လ္ဘက်ချက်၊ ခရမ်းချဉ်သီးနဲ့ ငါးနီတူခြောက် ငါးပိချက် တွေကို မီးဖိုဆောင်မှာ ထားရတယ်။ ၀ယ်သွားတဲ့ ချိစ်ကိတ်၊ ချိစ်ပူတင်းတွေကို ဘုရားခန်းမှာ ထားရတယ်။
အိမ်သာဆေးဖို့ ရည်ရွယ်ပြီးသွားပေမဲ့ ဒီတစ်ခါအိမ်သာက နံမနေတာရယ်၊ ကိုယ် က ချမ်းလွန်းနေတာရယ်ကြောင့် မဆေးဖြစ်ခဲ့ဖူး။ တန့်ခ် ရှိတဲ့ အိမ်သာကို အမွှေးခဲထည့်ခဲ့တယ်။ အဲဒါလေးက ဆေးပြီးသားလဲ ဖြစ်တယ် ဆိုတာပဲ။
------------
ဒီနှစ် နှစ်ကူးကို ဘယ်မှ မသွားပဲ တစ်ယောက်တည်း နေမယ်လို့ ဆုံးဖြတ်ထားတာကြောင့် အကင်ဆိုင်က အကင်ဝယ်၊ ဇီးရိုး ကယ်လိုရီ ပက်ပစီ ၀ယ်ပြီး စားတယ်။ သောက်တယ်။ ပန်းခြံထဲမှာ နှင်းထဲမှာ ထီးလေး ဆောင်းပြီးတော့။
ဒါက ကိုယ့်ရဲ့ တကိုယ်တည်း နှစ်ဟောင်း ညနေစာလေး။ လို့ သတ်မှတ်လိုက်တယ်။
ကျောင်းရောက်တော့ ဖုန်းဘက်ထရီ သွင်းတော့ ကဇတ် ဘော်ဘော်က လှမ်းခေါ်ထားတာ တွေ့ရတယ်။ ပြန်ခေါ်တော့ ဒီလူကို မရ အရ ခေါ်ပါလေရော။ တစ်ယောက်တည်း မနေပါနဲ့တဲ့။
ရထားလက်မှတ်က တစ်နေကုန်လက်မှတ်ဆိုတော့ သွားတာပေါ့လေ။ ကဇတ်က သူမ မိသားစုကို သူမ ဖုန်းခေါ်တုန်း ကိုယ်ပါ ရောပြီး နယူးယီးယား လုပ်တယ်။
သူမ ရည်းစားချက်တဲ့ မုန်လာဥနဲ့ အမဲသားဟင်း၊ ကြက်ဥ ထမင်းကြော်ကို စား။ -----
ပစ္စည်းသယ်ရလို့ နာနေ တဲ့ လက်ဖ၀ါးတွေနဲ့ ခြေဖ၀ါးတွေကို သူမ နှိပ်ပေးတာ ခံပြီး အဲဒီ ညတော့ သူမနဲ့ တူတူ တစ်အိပ်ရာတည်းအိပ်ခဲ့တယ်။
နှစ်ဟောင်းမှာ အပြင်မှာ နှင်းတွေ ကျနေပေမဲ့ ကိုယ် နွေးနွေးထွေးထွေး ရှိနေခဲ့ပါတယ်။
----------------------
ပိုပြီး နွေးထွေးသော နှစ်ဖြစ်ပါစေ လို့ ကိုယ့်ကိုယ်ကို ဆုတောင်းပါတယ်။
တကယ်တော့ အဲဒါ ညည်းအပေါ်ပဲ မူတည်တာ---အေ့ ---- လို့တော့ အတွင်းထဲ ကကိုယ့်ကို ပြန်ပြောတာ ကြားမိလိုက်သလိုပဲ။ :D :D
-----------------------------
အမုန်းမရှိတဲ့ ကမ္ဘာက အားလုံးအတွက် လဲ ပျော်ရွှင် ချမ်းမြေ့ အောင်မြင်သော နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။