Thursday, October 28, 2010

ဘယာကြော် စားရအောင်

ဘေးဘယာကင်းအောင် ဘယာကင်း ဘယာကြော် စားရအောင် ..
NNရေ ..
ဘယာကြော် ကြော်တာကတော့အရမ်းကျွမ်းတယ် (ဟိဟိ.. ကြော်ငြာ) ။ နယ် မှာ အလုပ်လုပ် တုန်းက ခဏခဏ ကြော်စားတတ်လို့ပါ။ ကဲ ကြော်နည်းလေးပြောပြတော့မယ်နော်။ မေးမေးမမေးမေး ဇွတ်ကိုပြောပြတော့မှာ..၊ နောက်ရက်မစောင့်တော့ဘူး မေးတဲ့လူလေးရှိတုန်း.........

စပြီဗျို့........ တို့ကြော်တဲ့ ဘယာကြော်နည်း ကတော့....

၁။ ကုလားပဲဆံနဲ့ ဆိုရင် မနက်ကြော်မယ်ဆို ညထဲက ကုလားပဲကို ရေဆေးပြီးရေစိမ်ထားလိုက်။ ညကြော်မယ်ဆိုရင်တော့ မနက်ထဲကစိမ်ထားပေါ့။ ပြီးရင် ရေစစ်ပြီး ထောင်းစရာရှိရင်လည်းထောင်း၊ ထောင်းစရာမရှိရင်လည်း blender နဲ့ ကြိတ်လိုက်။

၂။နောက် ဆနွင်းမှုန့်၊ ဆား၊ အချိုမှုန့် နည်းနည်းဆီထည့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းကြိတ်ထားတာ ထည့်၊ ကြက်သွန်နီပါးပါးလှီးထားတာထည့်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးညှပ်ထည့် ပြီး အားလုံးရောနယ်လိုက်။ အားလုံးပြီးရင် ၅ မိနစ်လောက်ခဏလေးထားလိုက်။ ( ဆန်မှူန့်၊ ဂျူံမှူန့်၊ ကော်မှုန့် ထည့်စရာမလိုပါ)။

၃။ပြီးရင် ဆီအိုးတည်ပြီး ဆီပူလာရင် ကိုယ်လိုချင်သလို အလုံးလေး (သို့) အပြားလေးတွေ လုပ်ပြီး ကြော်လိုက်ပါ။ (အလည်ကို အပေါက်လေး ဖြစ်အောင် ဆယ်တဲ့အခါ တူလေးနဲ့ ထိုးဖောက်လိုက်၊ ဒါဆို အတွင်းသားလည်းကျက်၊ အပေါက်လေးနဲ့ ကြွတ်ကြွတ်လေး စားကောင်းတယ်။ မှတ်ချက် NN )
(နည်းနည်းတူးတာကတော့ NN လက်ရာမို့လို့ပါ သည်းခံပါ :D)

၎။ကြော်ပြီးသွားသောဘယာကြော်များအား မကျည်းသီး နဲ့ အချဉ်ရည်လေး လုပ်ပြီး စားရင် အရမ်းစားကောင်းပါတယ်ရှင့်။
(ဒီပုံကတော့ မTTsweetဘလော့က ကူးထားတာပါ။ ကိုယ်တိုင်လုပ်ထားတာ မရှိလို့ပါး)

မွှေး ဘယယကြော်မှုန့်နဲ့ ကြော်မယ်ဆိုရင် သူ့အညွန်း က မကြော်ခင် ၄၅ မိနစ်ရေစိမ်ထားလို့ ပြောပေမယ့် အဲ့ဒီအတိုင်းဆို နည်းနည်းမာတယ်။ တို့ကတော့ အပေါ်မှာပြောသလိုဘဲ မနက်ကြော်မယ်ဆိုညထဲက ရေစိမ်၊ ညကြော်မယ်ဆိုရင် မနက်ထဲက ရေစိမ်ထားလိုက်တယ်။

ရေကိုအများကြီးမထည့်နဲ့ ၊ ရေများသွားတဲ့အခါ ကြော်ရင် ကြွတ်ကြွတ်လေး မဖြစ်တော့ပဲ အကြော် ပျော့သွားလိမ့်မယ်။

ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကတော့ ကုလားပဲဆံနဲ့ ကြော်မှ ကိုယ့်ဘာသာထည့်ကြော်တာ။ မွေး အကြော်မှုန့် နဲ့ ကြော်တဲ့အခါ ထည့်ဖို့ မလိုဘူးလေ။ မွေးဘယာကြော်မှုန့်နဲ့ ကြော်တာ အလုပ်မရှုပ်ပေမယ့် ကုလားပဲဆံနဲ့ကြော်တာက ပိုစားလို့ကောင်းတယ်။

မှတ်ချက် ။ ။ ကြော်တဲ့အခါ တူးတာ မတူးတာ ကြော်သူ (ကျော်သူ မဟုတ်ဘူးနော်။ ဘယာကြော်ကြော်တဲ့သူကိုပြောတာ) ရဲ့ တာဝန်သာဖြစ်ပါတယ်။

ဘယာကြော် ကြော်နည်း လေးကတော့ ဒါပါပဲရှင့်..။ မရှင်းလင်းသည်များရှိပါက ဖုန်း ဆက်မေးမြန်းနိုင်ပါတယ်ရှင့်.. :D

NNရေ ... ပြောတာကြာပါတယ်ကွာနော်၊ ကိုယ်တိုင်ဘဲလာကြော်ကျွေးတောမယ်။ (စေတနာအရင်းခံဖြင့်)

Kလေး
............................
ဒါကတော့ K လေး ပြောပြသော ဘယာကြော် ဖြစ်ပါတယ်။ အားလုံး လုပ်စားကြည့်နော် :DDD



5 comments:

Anonymous said...

၃ခုမှာ ၁ခုကတော့ တော်တော်တူးတယ်ထင်တယ် ၂ခုက တော့ အနားသတ်ပဲတူးသားလို့ 

အားလုံးခြုံလိုက်ရင်တော့ ဘယာကျော် ပုံပေါက်တယ် လို့ ကောက်ချက်ချ ၏

အိစံ

လသာည said...

တူးခြင်းသည် ကျော်သူနဲ့သာ ဆိုင်၏..။
လတာညနှင့် မဆိုင် :D

ပြောပြပေးတဲ့ Kလေးကို ကျေးဇူးတင်ပါတယ်။

မိဆိုးလေး said...

ဘယာကြော် ကုလားမလေးလား။ ပဲကုလားမဟင်းမီနူး ပြီးသွားလို့ ..။ ဟိဟိ ပျဉ်းတော်သိမ်လေးနဲ့  ထည့်ကြော် ဂွတ်ထ ။ မရှိတာပြောလိုက်ဦးမယ် ဟေးဟေး။ ဆလပ်ရွက်လေး နဲ့ တို့ စားသွား၏ ။ လတာည တန်ပိုဆောင်ပေးရန် မမေ့ပါနှင့်။ :D:D

ဗက်ဆာ said...

အာရုံလေးနဲ့ စားပစ်လိုက်ပြီ။ ဗယာကြော်လေး စားချင်လိုက်တာကွယ်။ အဟင့်ဟင့်။

ထား said...

ဘယာကြော် ပူပူလေး
ငါလိုချင်တာ အပျိုလေး
ဟိဟိ ...
ဘာမှလဲဆိုင်ဘူး....

ချစ်တဲ့

ထား