Sunday, May 16, 2010

ဆလုံ၊ ဆူနာမီ နဲ့  ဖွားပိုက်ဟင်း

မိုကန်း (ထိုင်းအခေါ်) သို့ ဆလုံ (မြန်မာအခေါ်) လူမျိုးတစ်ယောက် ၏ ၂၀၀၄ ဆူနာမီ နှင့် ပါတ်သတ်ပြီး အင်တာဗျူးဖြစ်ပါသည်။ Salone သို့ Moken လူမျိုးများအကြောင်းကို ၀ီကီ ပီးဒီးယားတွင် အကျယ် ကြည့်ရှုနိုင်ပါသည်။ အကျဉ်းအားဖြင့် ဆိုလျှင် ဆလုံလူမျိုးများသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုဖက်တွင် နေထိုင်ကြသော Sea Gypsies ဟုခေါ်ကြသော ပင်လယ်ပျော်လူမျိုးစု ဖြစ်ကြပါသည်။ လှေကို အိမ်လုပ်ခါ ပင်လယ်ကို နိုင်ငံပြု၍ နေထိုင်ကြသော လူမျိုးများဖြစ်ကြပါသည်။ ယခုအခါ နည်းပါးလာသော လူမျိုးစုလည်း ဖြစ်ကြပါသည်။

ဘယ်လို နည်းပညာမျိုးမှ မရှိပဲ ပြိုင်ဘက်မဲ့သော ပင်လယ်ပြင် ဗဟုသုတများဖြင့် ဆူနာမီလာမည်ကို သိနိုင်သော တစ်ခုတည်းသော လူမျိုးစုဖြစ်သည့် မိုကန်း (ဆလုံ) လူမျိုးစုဝင်ထဲမှ အဖိုးအို တစ်ယောက် ဖြစ်ပါသည်။
http://www.youtube.com/watch?v=0o6GvKtAst0
(လတာညရေ။ ခပ်ဖျင်းဖျင်းပဲ ဒီလိုလုပ်လိုက်တယ်။ အမြင်မတော်ရင် ဘယ်လိုလုပ်ရတာ ပြန်ပြောပြ။)

(ဘာသာပြန်ချင်တာပြန်ပြီး မပြန်ချင်တာ ပစ်ထားခဲ့ပါတယ်။ အစီအစဉ်လဲ ဗရမ်းပတာ ပြန်ထားပါတယ်။ )

----- အင်း။ ဗမာပြည်ဘက်က မလိကျွန်းဘက်မှာ (ဒီလို အဖြစ်ကို) ငါတစ်ခါ ဆုံခဲ့တယ်။ ပြီးတော့ မကျဉ်း ကျွန်းဖက်မှာပါ။ အဲဒီတုန်းက ငါ့အသက်လား။... ငါ့အသက် ငါမမှတ်မိဘူး။ ကလေးတော့ မဟုတ်တော့ဘူး။ --- ခုထက်ထိလဲ ငါ့အသက်ကို ငါမသိပါဘူး။

---- လေမတိုက်ပါဘဲနဲ့ ပင်လယ်ရေတွေက (ဆုတ်)ကျသွားခဲ့တယ် ။ပင်လယ်ဟာ ငြိမ်နေတယ်။ လှိုင်းလဲမလာဖူး ။ လေလဲမတိုက်ဖူး။ ကမ်းခြေကသဲတွေ ဟာ ခြောက်သွေ့နေတယ်။ (စကားချပ်။ ဒီအကျနဲ့ မမှားစေလိုပါ။) ဘာများဖြစ်မလဲ လို့ ငါလျှောက်စဉ်းစားခဲ့တယ်။ ဟိုးနား (ပင်လယ်ထဲကို လက်ညှိုးထိုးပြပြီး) ထိ ကုန်းက ပေါ်ခဲ့တယ်။ တောင်ကုန်းပေါ်ကို တက်ကြည့်ခဲ့တယ်။ အဲဒီမြေက ကွေးပေါ်လာခဲ့တာလား။ မဟုတ်ခဲ့ဘူး။ ကုန်းက ဘာမှ မဖြစ်ခဲ့ ဘူး။ ဒါဆိုရင်တော့ ပင်လယ်က မှားနေပြီ။ မိန်းမကို ငါ့တူနဲ့ စားစရာတွေ (တောင်ကုန်းပေါ်ကို) ခေါ်သွား၊ ယူသွားဖို့ ပြောခဲ့တယ်။ မိန်းမကလဲ မယုံခဲ့ဘူး။ သူမက ငါ့ထက်ငယ်တာကို။

ငါ့သမီးက ပန်းကန်တွေဆေးနေခဲ့တယ်။ --- ရေတွေ လာတော့မယ်။ တောင်ကုန်းပေါ်ကို ပြေးလို့ ပြောခဲ့ပေမဲ့ သမီးက မယုံခဲ့ဘူး။ ငါလဲ ဆဲဆဲ ဆိုဆိုနဲ့ပဲ ပြောရတာပဲ။ မဟုတ်ရင် ဒင်းတို့ သေနေလောက်ရောပေါ့။ --- ကမ်းခြေက အရာရှိတွေရော၊ နိုင်ငံခြားသားတွေရော၊ သေမှာပေါ့။ ဟုတ်တယ်။ မနက်ခင်းကြီးလေ။

အဲဒီတုန်းက ငါ့တူရော ငါရော ဘာမှ မစားကြရသေးဘူး။ အင်း။ (ရိုးရာ) ပုံပြင်တွေထဲမှာ ကြားခဲ့တယ်။ ပင်လယ်ရေဟာ ကျသွားခဲ့ရင် လှိုင်းလုံးကြီးတွေ လာတော့မယ်။ ပုံပြင်ထဲက ကြားဖူးခဲ့တဲ့ လှိုင်းလုံးကြီးတွေ လာတော့မယ်လေ။
ငါတော့ သေပြီလို့ပဲ ထင်ထားတာ။ မိန်းမက (ငါပြောတာကို) မယုံဘူးခဲ့ရယ်။ သူက လှေသွားပြီး ဟင်းချက်ဖို့ လုပ်နေသေးတယ်။

ငါက လှေကို သွားယူဖို့ လုပ်ခဲ့သေးတယ်။ (တောင်ကုန်းပေါ်ကို ဆွဲတင်ဖို့) ဒါပေမဲ့ ကျောက်တုံးကြားထဲ ခြေထောက်က ညှပ်သွားခဲ့တယ်။ ငါ အချိန်မှီ လှေ ကိုမယူနိုင်ခဲ့ဘူး။ နိုင်ငံခြားသားဧည့်သည်တွေက ဓါတ်ပုံလာရိုက်ကြတယ်။ (လှေတွေက ကုန်းပေါ်ရောက်လောက်အောင် ရေကျသွားပုံပေါ်ခဲ့ပါတယ်။ ဗက်ဆာ) ငါစဉ်းစားခဲ့တယ်။ သူတို့ ရူးများနေကြတာလား။ ဓါတ်ပုံရိုက်ရလောက်အောင်) အင်း။ နောက်တော့ လှိုင်းက ရောက်လာခဲ့ပြီး အားလုံးကို ခေါ်သွားပါတော့တယ်။

ငါလား။--- ဘာမှ မယူနိုင်ခဲ့ဘူး။ နောက်ကိုလဲ လှည့်မကြည့်နိုင်ခဲ့ဘူး။ ပြေးခဲ့တာပဲ။ လှိုင်းလာတာ သိပ်မြန်တယ်လေ။ လှေထဲမှာ ကျန်နေရင် ငါသေနေခဲ့ပြီပေါ့။ အင်း... ညဘက်ဆိုရင်တော့ အားလုံး သေကုန်ကြမှာပေါ့ (ရေကျတာကို မသိလိုက်လို့) ။ ဒါမျိုးက ညဘက်မလာဖူးလေ။ နေ့ဘက်သာလာတတ်တာ။ (ညဘက်လာတာသိသူတွေကတော့ သေကုန်တော့ ဘယ်သိမှာလဲ ။ ဗက်ဆာ) အင်း။ မလိကျွန်းမှာလဲ နေ့လည်ကြီး ဖြစ်တာ။ မကျဉ်း ကျွန်းမှာလဲ နေ့ဘက်ပဲလေ။

ငါ အခု အလွမ် မှာနေတယ်။ (ထိုင်းအစိုးရက သူတို့(ဆလုံလူမျိုးစုတွေ) ကို အခြေချပေးဖို့ ကြိုးစားနေခဲ့တယ်။ဗက်ဆာ) ဟင့်အင်း။ ငါမပျော်ပါဘူး။ လှေထဲမှာပဲ နေရတာ ပိုကောင်းတယ်။ မိုးရွာနေတောင် လှေထဲမှာပဲ ငါနေချင်တယ်။ (ဗက်ဆာ့အမျိုးများလားတောင်ပဲ။ အဲသလောက် ပျော်ရာနေချင်တာ။) ငါ့နောင်လာ နောက်သားတွေတော့ ---- အင်း။ ----- (လှေပေါ်မှာ နေရတဲ့ ဘ၀ကို ဆုံးရှုံးရတော့မယ် ထင်တာပဲ။)

---- အပိုဆာဒါး --------

ထားဝယ်သူအမေက ချက်ကျွေးတဲ့ ဗက်ဆာ အလွန်ကြိုက်တဲ့ လှေသမားဟင်း ကိုတည်ခင်းပါမယ်။
အမေက ဖွားပိုက်ဟင်းလို့ ခေါ်ပါတယ်။ ထားဝယ်သူလဲ ဖြစ်၊ လှေသမား မျိုးရိုးတွေလဲ ဖြစ်ကြလေ တော့ ဖွားပိုက်ဟင်းကတော့ အမေက မကြာခန ချက်စားသလို ဗက်ဆာကလဲ ကြိုက်တဲ့ အတွက် ပင်လယ်ငါး လတ်လေတဲ့ ဂငယ်မှာ မကြာမကြာချက်စားပါတယ်။

အေးဆေး ကျောင်းပိတ်ရက်မှာ (ဗက်ဆာကတော့ အလုပ်ဆက်တိုက်ပင်ပန်းပြီးခဲ့ပြီဆို အဲဒီ အလုပ်ပြီးရင်) ချက်စားပါတယ်။ လတာညရဲ့ ပစ်ထည့်ဟင်း ပုံစံပါ။

လိုတာတွေက

-ပင်လယ်ငါး၊ (ဆာလမွန်တွေ နဲ့ မချက်ပါနဲ့။ ကောင်းတာက အိဝရှိ (ဆာဒင်း) ဒါမှမဟုတ် အဂျိ- (jack mackerel ငါးကွမ်းရှပ်မျိုးနွယ်) လို ပင်လယ်ငါးသေး ငါးလတ်တွေနဲ့ပဲ ကောင်းပါတယ်။) ရေဆေး တုံးတစ်လိုက်ပါ။ အကောင်သေးရင် ၂ ပိုင်းပိုင်းပေါ့လေ။
-နနွင်းမှုံ့၊
-စိမ်းစားငပိ၊
-ဆားအချိုမှုန့် (အချိုမှုန့်မထည့်ချင်လဲရပါတယ်။)
-ကြက်သွန်နီ အလုံးကြီးဆို ရှစ်စိတ် ထိုး။
-ကြက်သွန်ဖြူ ထည့်ချင်ထည့် မထည့်ချင်နေ။
-မိုးမျှော်သီး။ (သို့ ) ငရုတ်သီး အကြမ်းဖတ် ၊
-ဆန်ရှာလကာရည် (ပင်လယ်ဘက်နဲ့ ဗက်ဆာတို့ အိမ်မှာတော့ ပအုံးရည်နဲ့  ချက်ပါတယ်။) ဓနိခိုင်ဖူးကို ထိပ်ဖြတ်ပြီး ကျလာတဲ့ အရည်ကို ခံထားတဲ့ အရည်က ချိုပါပေတယ်။ ပုလင်းထဲထည့်ပြီး နေပူလှမ်းကာ သိမ်းထားလိုက်ရင် ပအုံးရည်ပေါ့။) ဂငယ်နိုင်ငံတော်က ဆန်ပုန်းရည်နက်လေးလဲ ကောင်းပါပေတယ်။
-ဆား။
-ဆီ (အမေ့အပြော၊ တစ်စက် နှစ်စက်)
-(၀ါသနာပါရင် ကြက်သွန်မြိတ်အုပ်လို့ရပါတယ်။ ဗက်ဆာတော့ ၀ါသနာမပါဘူး)

ပုံမှန်ချက်တာကတော့ ပစ်ထည့်ချက်ပါ။ အကုန်လုံးရောတည်၊ (မိုးမျှော်သီး မဟုတ်ခဲ့ဘူးဆိုရင်)။ ဆူလာရင် မြည်းပြီးလိုချင်တာာ ထပ်ထည့်။ နောက်ဆုံးမှာ မိုးမျှော်သီးလေး အုပ်ထည့်။ Well done ဖြစ်အောင် မချက်နဲ့။ ကျက်တယ်ဆိုရုံလေး ကျက်တယ်ဆိုတာနဲ့ ချပြီး ပူပူလောလောလေး စားရတာရော။

ဗက်ဆာက အဲဒါကို ထမင်းနဲ့ မစားပဲနဲ့ မုန့်တီဖတ်လေးနဲ့ သောက်ဆမ်းလေးစားပါတယ်။ အူး... စားချင်လာပြီ။

( တော်ပြီ။ ဒီတစ်ပို့စ်ရေးပြီးရင် ၂ ပါတ်တိတိ ဘာမှ အရေးဘူး။ ချာကြိုးစားမယ်။ ဗက်ဆာတို့ ၀ါသနာ သိပ်မပါရှာဘူး။ စာရေးတာကို။ ဟင်း....)

5 comments:

လသာည said...

ဆလုံလူမျိုးတွေကတော့ ထူးဆန်းတာတွေ အများကြီးနော်..။
အခုလို ရှာဖွေတင်ပြပေးတာ ကျေးဇူးပါ ဗက်ဆာ..

ဒါပေမယ့်
ဗက်ဆာ ရာ..
စာဖတ်ကောင်းနေရင် ကြော်ငြာတွေ ၀င်တာ မများဘူးလားဟယ်။
ဇလုံ(ဆလုံ)ထဲမှာ လတာည တွေ ဘယ်နှခါ ထည့်နေမှာလဲ ..
ကြာရင် ဇလုံထဲက လတာည ဖြစ်တော့မယ် ;))

ဗက်ဆာ said...

ထားလိုက်ပါတော့။ မပြင်တော့ပါဘူး။ နောက် ဘလော့ဂ်တွေကျ ရှောင်ရေးမှပေါ့။ ကိုယ်ထင်တာ ပြောတာကျလဲ ဗက်ဆာ.. လို့ ထည့်ရေးရသေးတာကိုး။ သူကမပြောဘူးတာရော။ နားလည်လွဲမှာစိုးလို့ ဗက်ဆာက ကြားကလျှာရှည်ပေးတာရော။ ...

pps said...

ဆူနာမီနဲ့ဆလုံ..မှတ်သားသွားပါသည်..။

ဖွားပိုက်ဟင်းရည်လေး..သောက်ချင်တယ်...

ဒဂုံမှာနေခဲ့တုန်းက..ရခိုင်မုန့်တီကိုလွမ်းတယ်....
ီတော်တော်လေးကိုကောင်းတယ်...အဓိက..က..ဟင်းရည်..
ဘယ်လိုချက်တယ်မသိပေမယ့်..မျက်စေ့ထဲမြင်ကြည့်တာတော့..
အမ..လတ်ပြောတဲ့..ဖွားပိုက်ဟင်းရည်လုပ်နည်းလေးလိုပဲ..ထင်တာ....

ဗက်ဆာ said...

ဆူနာမီ နောက်ဆက်တွဲ။
Drawback လို့ခေါ်တဲ့ ရေကျသွားတဲ့ ဖြစ်ရပ်ကိုတော့ နေရာတိုင်းမှာမျှော်လင့်ထားလို့မရပါဘူး။ ဆလုံလူမျိုးများကျက်စားရာ ဒေသရပ်ဝန်းကြီး တစ်ခုလုံးက မြေထုချပ်တိုးဝင်မှုကြောင့် ဆူနာမီ ဖြစ်မယ်ဆိုရင် Drawback ဖြစ်မယ့် မြေထုချပ်အနေအထားမှာရှိနေလို့ပါ။ Drawback ကြောင့် ပင်လယ်ကြမ်းပြင်ပေါ်လာတာကို သွားရောက်စူးစမ်းကြတဲ့ လူအများအပြားဟာ ၂၀၀၄ဆူနာမီမှာအသက်ဆုံးရှုံးကြရပါတယ်။ အကျယ်ကို ဆူနာမီ ၀ီကီတွင်ရှုပါရန်။
ညီမငေး ပီပီအက်စ်ရေ။
အစ်မဟင်းက တနသာရီက ဖွားပိုက်ဟင်းရော။ ရခိုင်ဟင်းက ပအုံးရည် နနွင်း ဆီ နဲ့ ကြက်သွန်နီ ထည့်မချက်ဘူးရော။ ရခိုင်ဟင်း ချက်ပုံ တစ်နည်းက ငါး၊ စိမ်းစားငပိ၊ ကြက်သွန်ဖြူ၊ ဂျင်း နဲနဲ ထုထည့်၊ မိုးမျှော်သီးလေး ၂ တောင့်လောက် ထောင်းထည့်ပြီး အရည်သောက် ချက်စားကြည့်ပါလား ညီမရယ် ။ နံနံပင်၊ မကျီးမှည့်လေးနဲ့။ တကယ်ကောင်းပါပေတယ်။ ပတဲကော ရလို့ ထည့်ချင်ရင်တော့ အနံ့ပျောက်အောင် သူ့ကို ကြာကြာလေး ပြုတ်ပြီးမှ ထည့်ရတယ်လို့ ရခိုင်မလေး တစ်ယောက်ဆီက သင်ယူခဲ့ပါကြောင်း။ ... စားချင်တယ်နော်။ --- တကယ်ပါ။

Anonymous said...

စကား မစပ်မလတ်အဖေ ကမွန်လား၊

မွန်နဲ့ ထားဝယ်စပ်ထားလို့ မလတ်အသားအရေလှတာဖြစ်မယ်။

ဆလုံလူမျိုးတွေထိုင်းဘက်ေ၇ာက်တာတော့ နမြောတယ်သိပ်တော့ နားမလည်ဘူး

အိစံ