Tuesday, September 7, 2010

ဂျပန်နိုင်ငံမှ ဒံပေါက်



။။။။။
အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတာတွေနဲ့ ဘလော့မရေးနိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။။ ဒီပိုစ်မှာ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ပါ အဆင်ပြေအောင် ရေးပေးဖို့ စဉ်းစားမိတယ်။

ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
၎- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အထုတ်သေးသေး ၂ ခု
၅- ဒံပေါက်မဆလာ (တို့တော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
၈-ကရဝေး ၆-ရွက်၊
၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)

တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။

ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။

အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။


ထောပတ်-
ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)

ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။

နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။

အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။

လုပ်နည်း..
တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။

၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။

၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))

၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။

၎) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။

၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))

၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။

၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။

၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။

၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))

အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။

မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။

ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။

လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။

6 comments:

Anonymous said...

သေချာတာကတော့  ပုံထဲမှာ ၃ယောက်လုံးပါးစပ်ဟနေတာပဲ...P

ကျေးဇူးတင်ပါတယ်ရှင် ချက်နည်းတင်ပေးတဲ့ အတွက်

အိစံ said...

လသာညရေ ၉လပိုင်းကအခုမှစသေးတာ ဗေဒင်တန်းဟောနေုပြီလား စကားနောက်တ၇ားပါတဲ့ ဖျက်ပစ်လိုက်...အဟိ


လျှောက်ချက်တာ လားထိုင်ချက်တာလား ရှောက်ချက်တာပါမနုရဲ့ ..

အိစံထိုင်ပြောသည်။

လသာည said...

အပေါ်ဆုံးက မယ်အနောနိမတ် (သွပ်သွပ်သွပ်..ဟိ ဟုတ်တယ်လေ နာမည်မှ မပြောတာ)နဲ့ အိစံ ကို ကျေးဇူး..။ ဟုတ်သားပဲ စကားနောက်တရားပါတဲ့။ ပြန်ပြင်လိုက်ပီ လျှောက်ချက်တာလား ရှောက်ချက်တာလား.. မသိဘူး ;D

ထား said...

လသာည ချက်တာလေးကို စားကြည့်ချင်တာ...

ချစ်တဲ့

ထား

လသာည said...

ဒါကြောင့် လာပါဆို..
လာချင်ရင် အနီးလေးတဲ့..
ချက်ကျွေးဦးမှာ

ဗက်ဆာ said...

မိုက်သဗျား။ လဲတညားကြီး။ ဒါထက် ဒန်ပေါက်မှာ အစိမ်းရောင်ဆိုးသလားဟင်။ ဗဟုသုတ နည်းလို့ပါ။ ဒီက။